Wednesday, July 29, 2020

ဝါဆိုသင်္ကန်းလှူဒါန်းရကျိုး မြတ်တန်ဘိုး"

" ဝါဆိုသင်္ကန်းလှူဒါန်းရကျိုး မြတ်တန်ဘိုး"
********************************************
ဝါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ယနေ့ခေတ်မြန်မာတစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များသည် တစ်ဦးချင်း ဖြစ်စေ၊ အသင်းအဖွဲ့အနေဖြင့်ဖြစ်စေ၊ သံဃာအများအားဖြစ်စေ၊ တစ်ပါးကိုဖြစ်စေ အမျိုးမျိုးအဆင်ပြေစွာ လှူဒါန်းနေကြ ပါသည်။

ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးကပ်ပြီး လှူဒါန်းသည့် သင်္ကန်းဖြစ်စေ၊ ဝါတွင်းကာလမှာတွင်ဖြစ်စေ လှူဒါန်းသည့် သင်္ကန်းကို ဝါဆိုသင်္ကန်းဟုခေါ်ပါသည်။ ကာလ ဒါနသင်္ကန်းဆိုလျှင်လည်း မှန်ပါသည်။ ဝါဆိုပြီး ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်း၊ ကထိန်ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်းတို့ကို သူခေတ်သူ့ကာလ အခါအားလျော်စွာ လှူဒါန်းသည့် သင်္ကန်းဖြစ်၍ ကာလသင်္ကန်း ကာလဒါနအလှူဟု ခေါ်နိုင်ပါသည်။

ဝါဆိုသင်္ကန်း လှူဒါန်းနိုင်သော ကာလများမှာ- ၁။ ဝါတွင်း(၃)လ၊ ၂။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တန်ဆောင်မုန်းလပြည့်ထိ သင်္ကန်းကာလ (၁)လ၊ ၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ ကထိန်အာနိသင်ကာလ (၅)လ ၄။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်အထိ နွေ (၄)လ၊ အထက်ပါကာလများကို ပြန်လည်ပေါင်းရုံးကြည့်လျှင် တစ်နှစ်ပတ်လုံး မည်သည့်နေ့ရက်၌မဆို ဝါဆိုသင်္ကန်း လှူဒါန်း နိုင်ကြောင်း တွေ့ရပေမည်။ သို့သော် လှူဒါန်းပုံနှင့် ရယူပိုင်ဆိုင်ခွင့်များအား ကွာခြားမှုရှိ၏။

၁။ ဝါတွင်း(၃)လ၌ လှူဒါန်းလိုသော်...အလှူရှင်သည် '' ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအား လှူပါ၏'' ဟုနှုတ်မြွက်ရွတ်ဆို လှူဒါန်းရ၏။ ဤသို့ ဝါတွင်း၌ လှူဒါန်းလာသော သင်္ကန်းကို ဝါမကျိုးသော ရဟန်းတို့အား ခံယူနိုင်ခွင့် ပိုင်ဆိုင်နိုင်ခွင့်ရှိ၏။ ဝါကျိုးပြတ်သော ရဟန်း မစ္ဆိမဝါ (ဒုတိယဝါ) ကပ်သော ရဟန်းတော်များမခံယူရ၊ ပိုင်ဆိုင်ခွင့်မရှိ။

၂။ သီတင်းကျွတ်လဆုတ် (၁)ရက်မှ တန်ဆောင်မုန်းလပြည့်အထိ သင်္ကန်းကာလခေါ်သော (၁)လအတွင်း၌ အလှူရှင်သည် အထက်ပါအတိုင်း '' ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအား လှူဒါန်းပါ၏ '' ဟု နှုတ်မြွက်ရွတ်ဆို လှူဒါန်းလာသော် ဝါဆိုဆဲဝါဆိုတုန်းဖြစ်သော ဒုတိယဝါကပ်သော ရဟန်းတို့သာ ရယူနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်ရှိ၏။ ပုရိမဝါ (ပထမဝါ)ကျွတ်ပြီးသော ရဟန်းဝါကျိုးပြတ်သော ရဟန်းများနှင့်မဆိုင်၊ မရနိုင်ပေ။

၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ ကထိန်အာနိသင် ရရာကာလ (၅)လအတွင်း၌ လှူဒါန်းလိုသော အလှူရှင်သည် '' ဝိဿာဝါသိကံ ဒမ္မံ = ဝါလပတ်လုံးနေခြင်းရှိသော (ဝါဆို) ခဲ့ပြီးသော သံဃာအား လှူပါ၏ '' ဟု နှုတ်မြွက်ရွတ်ဆိုလှူဒါန်းရ၏။ ဤ (၅)လအတွင်း၌ လှူဒါန်းလာသော ဝါဆိုသင်္ကန်းကို (ကထိန်ခင်းသည် ဖြစ်စေ၊ မခင်းသည်ဖြစ်စေ) ပထမဝါကျွတ်သူ၊ ဒုတိယဝါကျွတ်သူ ရဟန်းအားလုံး ပိုင်ဆိုင်ခွင့်၊ ခံယူခွင့်ရှိကြ၏။ ဝါကျွတ်မှ ရောက်လာသော ရဟန်းသစ်တို့အား သံဃာဟောင်းတို့ သဘောတူလျှင် ဝေစုရနိုင်၏။

၄။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်နေ့အထိ နွေ(၄)လ၌ လှူဒါန်းရာဝယ် '' ဝိဿာဝါသ်ိကံ '' ဟူ၍ပင် လှူဒါန်းရ၏။ သို့ရာတွင် လှူဒါန်းသူသည်-

(က) ကပ်ခဲ့ပြီးသော အတိတ် (ဝါ ဆိုသံဃာ) ကိုလည်း ရည်မှန်း၍ လှူဒါန်းနိုင်၏။

(ခ) မကပ်ရသေးသည့် အနာဂတ် (ဝါ ဆိုသံဃာ)ကိုလည်း ရည်မှန်း လှူဒါန်းနိုင်၏။

ဤသို့ လှူဒါန်းလာသော် အလှူခံ ရဟန်းတော်တို့က 'ဒကာတို့ ယခု လှူဒါန်းသော ဝါဆိုသင်္ကန်းသည် အတိတ်ဝါကို ရည်မှန်း သလော၊ အနာဂတ်ဝါကို ရည်မှန်းသလော' ဟု မေးမြန်းစိစစ်ကြည့်ရ၏။

အလှူရှင်များက-

(က) ပြီးခဲ့သော အတိတ်ဝါဆိုသံဃာအား ရည်မှန်းပါ၏ဟု လျှောက်ထားသော် ထိုဝါဆိုသင်္ကန်းကို ဤကျောင်း တိုက်၌ ဝါဆိုခဲ့ပြီးသော ရဟန်းတော်များသာ သက်ဆိုင်အလှူခံနိုင်၏။ (ဝါဆိုပြီး ဤကျောင်းတိုက်မှ ပြောင်းရွှေ့သွားသော ရဟန်းတော်များကိုလည်း ဝေစုပေးလိုက်ရ၏။ ဝါကျွတ်ပြီးမှ အသစ်ရောက်လာသော သံဃာကား ကျောင်းတိုက်သံဃာက သဘောတူမှ ရနိုင်၏။)

(ခ) လာမည့်အနာဂတ် ဝါကပ်သံဃာအား ရည်မှန်းလှူဒါန်းပါသည်ဟု ဆိုလာသော် ¤င်းသင်္ကန်းများကို မဝေခြမ်းသေးဘဲ သိမ်းထားပြီး လာမည့် ဝါဆိုနေ့ကျမှ ခွဲခြမ်း ဝေဖန်ရ၏။ သံဃာအဟောင်းအသစ် အားလုံးဆိုင်သည်။ (ယခု ရေးသားဖော်ပြသည်ကား သံဃိကလှူဒါန်းလာသော ဝါဆိုသင်္ကန်းအတွက်လှူဒါန်းဝေဖန်ပုံများ ဖြစ်၏။)

ဝါဆိုသင်္ကန်းလှူဒါန်းရကျိုး။ ။

အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .

'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''

'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -

'' ရွှေသို့အဆင်း၊ မြူကြေးကင်၍

ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊

မကသိန်းဖိုး၊ ပုဆိုးရလေ၊

ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊

ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''

ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။

ဆရာတော်အရှင်ဇနကာဘိဝံသ မိန့်ဆိုချက်။ ။

ဝဿာဝါသိကံ။ ။ ဝဿံ-ဝါလပတ်လုံး+အာဝါသော ယဿာတိ ဝဿာဝါသော-ဝါလပတ်လုံး နေခြင်းရှိသော ရဟန်း၊ ဝဿာဝါသဿ+ဒိန္နံ ဝဿာဝါသိကံ-ဝါလပတ်လုံး နေခြင်းရှိသော ရဟန်းအား လှူအပ်သော သင်္ကန်း၊ (ယခုကာလ၌ ဝါဆိုခါနီး လှူလေ့ရှိကြ၏။ ထိုသင်္ကန်းကို '' ဝိဿဝါသိက'' ဟုလည်း အချို့က ခေါ်ကြ၏၊ အမှန်ကား '' ဝါတွင်း၌ နေသော ရဟန်းအား ဝါကျွတ်မှ ဖြစ်စေ၊ ဝါကျွတ်သောအခါ သုံးစွဲရန် ဝါတွင်း၌ ဖြစ်စေ လှူအပ်သော သင်္ကန်းကိုသာ ဝဿာဝါသိကသင်္ကန်း'' ဟုခေါ်သည်။

ယဿဘိက္ခဝေ စီဝရံ၊ ပရိဘုဉ္ဇမာနော ဘိက္ခု မေတ္တံ ကရုဏံ ဘာဝေတိ မုဒိတံ ဘာဝေတိ ဥပေက္ခံ ဘာဝေတိ၊
အပ္ပမာဏော တဿ ပုညာဘိသန္တော။ (စတုက္ကနိပါတ် အင်္ဂုတ္တိုပါဠိတော်)

ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့။ ယဿ - အကြင်သင်္ကန်းလှူသော ဒါယကာ၏။ စီဝရံ - သင်္ကန်းကို။
ပရိဘုဉ္ဇမာနော - သုံးဆောင်သော။ ဘိက္ခု - ရဟန်းသည်။ မေတ္တံ - မေတ္တာကို။ ဘာဝေတိ - ပွားစေ၏။ ကရုဏံ - ကရုဏာကို
ဘာဝေတိ - ပွားစေ၏။ မုဒိတံ - မုဒိတာကို။ ဘာဝေတိ - ပွားစေ၏။ ဥပေက္ခံ - ဥပေက္ခာကို။ ဘာဝေတိ - ပွားစေ၏။
တဿ - ထိုသင်္ကန်းလှူသောသူအား။ ပုညာဘိသန္တော - ကုသိုလ်အယာဉ်သည်။ အပ္ပမာဏော - အတိုင်းမသိသည်။
ဟောတိ - ဖြစ်၏။

ဣတ္ထိနံ စီဝရဒါနံ မဟလ္လတာပသာဒေန မတ္တကံ ပပ္ပေါတိ။ ပုရိသာနံ ဣဒ္ဓိမယပတ္တစီဝရေန။ (ဓမ္မပဒအဋ္ဌကထာပါဠိ)

ဟိသစ္စံ - မှန်၏။ ဣတ္ထိနံ - မိန်းမတို့၏။ စီဝရဒါနံ - သင်္ကန်းအလှူသည်။ မဟလ္လတာပသာဒေန - မဟလ္လတာတန်ဆာကို
ဆင်မြန်းရသဖြင့်။ မတ္တကံ - အပြီးသို့။ ပပ္ပေါတိ - ရောက်၏။ ပုရိသာနံ - ယောက်ျားတို့၏။ စီဝရဒါနံ - သင်္ကန်းအလှူသည်။
ဣဒ္ဓိမယပတ္တစီဝရေန - တန်ခိုးဖြင့်ပြီးသော သပိတ် သင်္ကန်းကို ဆောင်ရသဖြင့်။ မတ္တကံ - အပြီးသို့။ ပပ္ပေါတိ - ရောက်၏။

အဝတ်သင်္ကန်းလှူရသောအကျိုးပြ တေးထပ်။ ။

ဖြစ်လေရာ ဘုံဘဝ၊ ကြုံရတဲ့ ခန္ဓာ။ သိင်္ဂီနက်ဆင်းရွှေဝါ ဝင်းပေလာ အသွေး။ မြူမငြိ ဖြူအိလွင်တယ် ……..
လှူသည့်ရှင် ကောင်းမှုအရေး။ ။
စီဝရမြတ်ဒါနာ မှတ်ကြပါလေသေး၊ ရွှေတောင်မှာ နေရောင်ပေးသလို၊ ပြောင်အသွေး ကိုယ်ရေ၊
ဖဲကတ္တီနု အပါးသို့ သူ့အသား နူးညံ့ခဲ့ပေ ။ ။
အထည်ပေါင်း သိန်းကုဋေ ကိန်းအခြေ မရေတွက်နိုင်ဘု၊ ချွေ့လျက် မိုးပြန့်ခေါင်မှာ ဖြိုးလျှံ့ရောင်ဝါ ပိုးဖဲနှင့် ကတ္တီပါ
လိုရာရာ ရကြောင်းပလေး။ ။

ဒသိမေ ဘိက္ခဝေ စီဝရဒါနေန အာနိသံသာ၊ ကတာမာနိ ဒသ၊
သုဝဏ္ဏဝဏ္ဏော .ဝိရဇော. သဗ္ဗပဘာဝေါ. ဝိတပဝါသိနိဒ္ဓဂတ္တော၊ ဒုဿဟဿ ပဋိလာဘော၊ သေတပိတလောဟိတ
ဝတ္ထဒါယကော၊ ခေါမ ကောသေယျ ကပ္ပါသိက ပဋိလာဘော၊ ကပ္ပရုက္ခ ပဋိလာဘော၊
ပစ္ဆိမဘဝေ ဧဟိဘိက္ခု သပသမ္ပဒ ပဋိလာဘော။ (ဓမ္မပဒ အဋ္ဌကထာ)

ဒီစာပိုဒ်လေး ဝါဆိုသင်္ကန်း လှူရကျိုး ဆယ်မျိုးကို ပြဆိုပါတယ်။

၁။ရွှေအဆင်းနှင့်တူသော အဆင်းကိုရရှိခြင်း။

၂။ မြူကြေးမတင် စင်ကြယ်သောကိုယ်ရှိခြင်း။

၃။ ခပ်သိမ်းသော အရပ်တို့ကို ထွန်းလင်းတောက်ပသော ကိုယ်ရှိခြင်း။

၄။ ပူပန်ခြင်းကင်းသော ကိုယ်ရှိခြင်း။

၅။ နူးညံ့သိမ်မွေ့သော ကိုယ်ရှိခြင်း။

၆။ အလိုရှိသောအခါ တစ်ထောင်သော အဝတ်ပုဆိုးတို့ကို ရရှိခြင်း။

၇။ အဖြူ၊ အရွှေ၊ အနီစသော အဆင်းရှိသော ပုဆိုးတို့ကို ရရှိခြင်း။

၈။ခေါမတိုင်း ကောတုံပရာဇ်တိုင်းတို့တွင် ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း။

၉။ ပဒေသာပင်တွင်ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း။

၁၀။အဆုံးဘဝတွင် ဧဟိဘိက္ခူ ရဟန္တာအဖြစ်ကို ရရှိခြင်း စတဲ့ ဆယ်ပါးသော အကျိုးထူး တရားများကို သင်္ကန်းလှူသော အလှူရှင်တို့မှာ ရရှိခံစားရမှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်း အသိပေးရေးသားလိုက်ရပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...