#ပန်ထွာ_သုံးပန်လှ_ဗိဿနိုး_ဘုရင်မ
🏵️ပန်ထွာဘုရင်မ_သုံးပန်လှဘုရင်မ သို့မဟုတ် ဗိဿနိုးဘုရင်မကို အိပ်ယာ၀င် နားထောင်ကောင်းသော ဇာတ်လမ်းများအဖြစ် မြန်မာပြည်သား အတော် များများက သိရှိ ကြားဘူး ကြသည်။ ပန်ထွာ၏ အဓိပ္ပါယ်မှာ တရက်တည်းတွင် သုံးမျိုး သုံးကြိမ် လှပသူ၊ အလွန်ချောမော လှပသူဟု ဖြစ်သည်။
🏵️အချိန်ကာလက ...
မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီး သာသနာ သက္က ရာဇ် ၅၉ ခုနှစ်မှာပေါ့။ (ယခုခေတ် မန္တလေးတိုင်း သပိတ်ကျင်းမြို့အနီးရှိ) တကောင်းပြည် ဘုရင် #သတိုးမဟာရာဇာ( နဂါးနိုင်မင်း) နဲ့ မိဖုရားကြီး ကိန္နရီဒေဝီမှာ သားတော် နှစ်ပါး ထွန်းကားတယ်။ သားတော် နှစ်ပါးဟာ မွေးကတည်းက မျက်စိ မမြင် ဘူး။ ဖခင်က တခြား တိုင်းပြည်တွေ မသိခင် သတ်စေ အမိန့်ချတယ်။ မိခင်က မသတ်ရက်တော့ ဖွက်ထားတယ်။ အရွယ် ရောက်တော့ ဘုရင်ကြီး သိသွားတော့ မိဖုရားကြီးက မနေသာ တော့ပဲ သားတော် နှစ်ပါးကို ဖောင်ပေါ်တင်ပြီး မသိုးထမင်း၊ မသိုးဟင်း တွေနဲ့အတူ ရင်နာနာနဲ့ ရေမှာ မျော စေခဲ့တယ် ။ လမ်းခရီး ရေစပ်က စစ်ပင်ကြီး ကိုင်းနေတဲ့နေရာမှာ ဖောင်နဲ့ ညှိနေတုံး ဘီလူးမလေးက ဖောင်ပေါ် တက်လိုက် လာတယ်၊ ထမင်းတွေခိုးစားတယ်၊ မိတယ်၊ သတ်မယ်လုပ်တော့ တောင်းပန်ပြီး မျက်စိ ကုပေးလိုက်တော့ မင်းသားနှစ်ပါး မျက်စိပြန်မြင် သွားတယ်။မင်းသားအငယ် #စူဠသမ္ဘဝနဲ့ စန္ဒမုခိဘီလူးမလေး ညားတယ် ။ #ပန်ထွာကို မွေးတယ် ပေါ့ ။(စစ်ပင်ကြီး ကိုင်းနေတဲ့ နေရာဆိုတာ စစ်ကိုင်းမြို့
ဖြစ်လာမယ့် နေရာပါ။)
🏵️ဆက်လက်မျောပါရင်း ...
သရေ ခေတ္တရာ (ပြည်)ကို ရောက်တယ်။ မင်းကြီးတောင်ခြေမှာ ဗူးပေါက် ကျဉ်းကျဉ်းနဲ့ ရေခတ်နေတဲ့ မဗေဒါကို တွေ့တယ် ။ သဘောကျတယ်။ ဗူးပေါက်ကို သံလျက်နဲ့ ချဲ့ပေးတယ် ။ အဲတာနဲ့ #မဟာသမ္ဘဝနဲ့ ဗေဒါရီ ညားကြတယ် ။ #ဒွတ္တဘောင် မင်းသားကို မွေးတယ် ။ ဒါကြောင့် ပန်ထွာ မင်းသမီးနဲ့ ဒွတ္တဘောင်ဘုရင်ဆိုတာ မောင်နှစ်မ တစ်ဝမ်းကွဲတွေပါ။ ဗေဒါရီမင်းသမီး ကလည်း သူစိမ်း မဟုတ်ပြန်ဘူး။ ဗေဒါရီရဲ့ မေမေက သမင်မ ကလေးပေါ့ ။ ရသေ့ကြီးရဲ့ မင်းကြီး တောင်က ကျောင်းသင်္ကန်းမှာ အစာ စားရင်း၊ရသေ့ကြီးရဲ့ ကျင်ငယ်ရေ သောက်မိရာက သမင်မ လေးမှာ ကိုယ်ဝန် ရှိပြီး ဗေဒါရီကို မွေးတာ။ ရသေ့ကြီးက အဓိဌာန်နဲ့ လက်ညှိုး ကနေ နို့ထွက်စေပြီး မွေးစားခဲ့တာပါ ။ ရသေ့ကြီးရဲ့ နာမည်က #ခေပဒူပ တဲ့ ။တကောင်း ဘုရင် သတိုးမဟာရာဇာရဲ့ ညီအရင်း အိမ်ရှေ့မင်းသားပါ ။ သတိ သံဝေဂရပြီး မင်းကြီးတောင်မှာ ရသေ့ ဝတ်နေတာပါ။ ဗေဒါရီက မဟာသမ္ဘဝ တို့ကို ရသေ့ကြီး ကျောင်းသင်္ကန်းကို ခေါ်လာပြီး
ဆွေမျိုး စပ်တော့ တူအရင်းတွေ ဖြစ် နေတာပေါ့ ။ ဒါကြောင့် ရသေ့မြို့ ဆိုပြီး မြို့တည်ပေးတယ်။မဟာသမ္ဘဝက ဘုရင်၊ စူဠသမ္ဘဝက အိမ်ရှေ့မင်းပေါ့။ မဟာ သန္ဘဝနဲ့ ဗေဒါရီဟာလည်း မောင်နှမ တစ်ဝမ်းကွဲ တော်စပ်တယ်။
🏵️ဒွတ္တဘောင်နဲ့ ပန်ထွာ တို့ဟာ ဒီဂေါတမ ဘုရားလက်ထက် မှာပဲ ပြည် မြို့ရဲ့တစ်ဖက်ကမ်းက ' ဖိုးဦးတောင်' မှာ ပွေးဖိုနဲ့ ပွေးမအဖြစ် ချစ်ခင်စွာ နေခဲ့ကြဖူးတယ်။ ဘုရားရှင်ဟာ ၁၀၃ ခုနှစ်မှာ ဖိုးဦးတောင်ကို ကြွလာတယ်။ သူတို့ မောင်နှံဟာ ကတိ တစ်ခု ထားခဲ့
ကြသတဲ့။' ဘုရားရှင် ကြွလာရင် ဘယ်သူ အရင်တွေ့တွေ့ တစ်ယောက်ကို တစ်ယောက် လာခေါ်ကြဖို့ပေါ့ ။ ဒါပေမယ့် ဘုရားရှင် တကယ်ကြွ လာတဲ့ အခါမှာတော့ ပွေးဖိုက အရင် ဘုရားကို ဖူးမျှော်ရပြီး ပွေးမလေးက
မဖူးလိုက်ရဘူး။ ပွေးမလေး လုံးဝ မကျေနပ်ဘူးပေါ့ ။ သူမလည်း အားကျမခံ မြေကျစ် ဆုပ်လေး ကိုင်ပြီး ဘုရားရှင်ဆီ အမှီလိုက် ဆုတောင်းတယ်ပေါ့ ။
" ဖြစ်လေရာဘဝမှာ ဟောဒီပွေးဖိုနဲ့ လုံးဝ မတွေ့ဆုံ ရပါစေနဲ့ အရှင်ဘုရား" ပေါ့ ။ပွေးဖို ကလည်း အားကျ မခံ ပြန် ဆုတောင်းတယ်၊ " သူပြု သမျှ ကုသိုလ်ကံကြောင့် ပွေးမလေးနဲ့ ဘဝ ဆက်တိုင်း ပေါင်းဆုံ ပါရစေ ဘုရား" ပေါ့ ။ ဒီ ဆုတောင်းတွေ ကြောင့်ပဲ ချစ်
သူ၊မုန်းသူ ၊ အခဲမကြေသူတွေ အဖြစ် လူ့ဘဝမှာ ပြန်လည် ဆုံတွေ့ကြ ပေမယ့် တစ်ယောက်က အချစ်ကြီး ချစ်သူ၊တစ်ယောက်က အမုန်းကြီး မုန်းသူ ဖြစ်နေရတယ်လို့ ပြောကြတယ်။
🏵️ပန်ထွာမင်းသမီး ကြီးပြင်း လာသော အခါတွင် ဗိဿနိုးနတ်မင်း ( the Hindu god Vishnu) က ရှေးဘဝ၌ မောင်နှမတော်ခဲ့သဖြင့် ဗိဿနိုးမြို့ ( ယခု တောင်တွင်းကြီးမြို့ အနီး) ကို ဖန်ဆင်း၍ ပန်ထွာမင်းသမီးအား အပ်နှင်းလိုက်တယ်။ ဗိဿနိုး မြို့နိုင်ငံကို အနီးနားက အင်အားကြီး ဘုရင်များက သိမ်းပိုက်ရန် ကြိုးစားခဲ့ ကြတယ်။ ဗိဿနိုးမြို့တွင် အလွန်ထူးခြားသော အတုလ စည်တော်ကြီး တစ်လုံးရှိတယ်။ အကယ်၍ ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်သောအခါ ပန်ထွာ ဘုရင်မသည် ထိုစည်တော် ကြီးကို တီးခတ် လိုက်ပါက ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ် ချောင်းရှိ ရေတံခါးကိုစောင့်ကြပ် သူများက ရေတံခါးကို ဖွင့်ချလိုက်တယ်။ ထိုအခါ ရန်ပယ်ချောင်းအတွင်း ရေကြီး လာပြီး ရန်သူများ ဆုတ်ခွာ သွားရလေ့ရှိသည်။ ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန် ကြိုးစား သော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင် နိုင်ခြင်း မရှိဘဲ
တပ်ပျက် ပြီး ပြန်ပြေးရတယ် ။
🏵️ရေတံခါး တွေဟာ အတုလ စည်တော် အပေါ် တည်မှီနေကြောင်း သိတဲ့အခါ ဒွတ္တဘောင် မင်းသည် ထိုစည်တော်ကို ဖျက်ဆီးရန် အတွက် သူလျှိုတစ်ယောက်ကို တန်ခိုးရှင် ရသေ့ (ရဟန်းတု) ယောင်ဆောင် စေပြီး ဗိဿနိုးသို့စေလွှတ်သည်။ ထိုသူ၏ လှည့်စားမှုများကို ပန်ထွာဘုရင်မက ယုံကြည်သဖြင့် တန်ခိုးရှင်ဟု ထင်မှတ်ပြီး နန်းတော်တွင် ကိုးကွယ်ထားသည်။ ထိုအခါ ထိုရသေ့က ဘုရင်မကို အယုံသွင်း၍ သူ၏ အစွမ်းဖြင့် ထိုစည်တော်ကြီးကို ပို၍အစွမ်းရှိအောင် ပြုပြင် ပေးမည်ဟု လှည့်ဖျားသည်။ နောက်တစ်ခါ ရန်သူများ လာတိုက်ချိန်တွင် ထိုစည်တော်ကြီးကို တီးခတ်ပါက နတ်ဒေဝါတို့ လာရောက်၍ ကူညီ တိုက်ခိုက်ပေးရန် စီရင်ပေးမည်ဟု ဆိုသည်။ မိဖုရားက ယုံကြည်၍ ပြင်ဆင်ရန် အပ်နှံသော အခါတွင် ထိုရသေ့က စည်တော်ကြီးကို ဖျက်ဆီး၍ ထွက်ပြေး တိမ်းရှောင် သွားလေသည်။ စည်တော်ကြီး ပျက်စီးသွားကြောင်း သိရှိသော အချိန်တွင် ဒွတ္တဘောင်မင်းက သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက် စေသည်။ ပန်ထွာဘုရင်မသည် ထိုအချိန်မှ စည်တော်ကြီး ပျက်စီးသွားကြောင်း သိသဖြင့် မည်သို့မျှ မတတ်နိုင်တော့ပေ။ နောက်ဆုံးတွင် ဒွတ္တဘောင်မင်းသည် ဗိဿနိုးကို သိမ်းပိုက်၍ ပန်ထွာ ဘုရင်မနှင့် လက်ဆက်ခဲ့သည်။
🏵️မတတ်သာ၍ မာန်လျော့ကာ ခေတ္တရာပြည် သို့ လိုက်ပါ ခဲ့ရသော်လည်း မိမိနိုင်ငံ ဗိဿနိုးကို ဖျက်ဆီးခဲ့သူ ဒွတ္တဘောင်မင်းကို အခဲမကျေ လှပေ။ ထို့ပြင် အလွန် ချောမောလှပတဲ့ ပန်ထွာ မိဘုရားကို အခြား မိဘုရားများက မနာလို ဖြစ်ကာ မင်းကြီးကို အခွင့် သာတိုင်း ဂုံးချော လေ့ရှိကြတယ်။ အဲလို ဂုံးချော စကားတွေ ကို နားယောင်မိတဲ့ ဒွတ္တဘောင်မင်းနဲ့ ပန်ထွာ ဘုရင်မ အကြား ဆက်ဆံရေးဟာ ပိုလို့ အေးစက်လာတယ်။ အမုန်းတွေ၊ အညှိုးတွေ၊ မာန်မာနတွေ ပြည့်နှက်နေတဲ့ ပန်ထွာ မိဘုရားဟာ မင်းကြီး ပျက်ဆီးရာကို အမြဲ ကြံနေလေ့ရှိတယ်။ ပန်ထွာ မိဘုရားဟာ မိန်းမ ထမီအောက်နား၊ သုဿန်က လူသေပတ်တဲ့ ပိတ်စ စတဲ့ မသန့်ရှင်းတဲ့ ချည်စတွေကို ပြန်လည် သန့်စင်ပြီး သန့်ရှင်း မွှေးကြိုင်တဲ့ တဘက် တထည် ပြုလုပ်ပြီး မင်းကြီးဆီ ဆက်သ လိုက်တယ်။ မင်းကြီးက တဘက်နဲ့ မျက်နှာသစ်တယ် ဆိုရင်ဘဲ သကြားမင်း ပေးထားတဲ့ တန်းခိုးကြီးတဲ့ တတိယ မျက်ရှင်တော် ကွယ်ခဲ့ရတယ်။ ဘုန်းကံ လည်း နိမ့်ကျ သွားခဲ့တယ်။ ပတ်ဝန်းကျင် မြို့တွေက အခွန်မဆက် ကြတော့ဘူး ။ဘုရင်ကြီး ကိုယ်တိုင် အခွန် မဆက်သတဲ့ မြို့တွေကို လှည့်လည်ရင်း ပုသိမ်မြစ်ဝမှာ ဖောင်တော်မှောက်ပြီး နတ်ရွာစံခဲ့ရတယ် ။
🏵️မင်းကြီး အပေါ် ရက်ရက်စက်စက် အကောက်ကြံခဲ့တဲ့ ပန်ထွာ မိဘုရားကို အခြား မိဘုရားများက ဝိုင်း နှိပ်စက် ကြတယ်။ ဒီဒဏ်တွေကို မခံနိုင် တော့ဘဲ ပန်ထွာ မိဘုရားဟာ ကိုယ့်ကို သတ်သေ သွားရှာတယ်။
ဗိဿနိုး မြို့ဟောင်းတွင် ပေပင်များသည် နှစ်ထောင်ချီ သက်တမ်း ရှိသော်လည်း မကြီးထွားလျက် အသီးလည်းမသီး ဖြစ်နေသည်။ ပန်ထွာ ဘုရင်မကြီး၏ ‘ငါလာမှကြီး ငါလာမှသီး’ ဆိုသော ဆုတောင်းကြောင့် ထိုဘုရင်မ လူပြန်မဖြစ်မချင်း ပေပင်များ အသီး မသီးနိုင်၊ လူ့အရပ် အတိုင်းအထွာထက် မကြီးထွားနိုင် ဖြစ်နေသည်ဟု ဆိုသည်။
🏵️ဗိဿနိုး မြို့ဟောင်းရှိ ဥယျာဉ်တွင် မူလ အင်ကြင်း ပင် မရှိသော်လည်း ဗိဿနိုး နတ်မင်းကြီး၏ အမိန့်ဖြင့် အင်ကြင်းပွင့် များသည် ဥယျာဉ်တော် အတွင်း အလိုလျောက် ရောက်လာသောကြောင့် အင်ကြင်းဥယျာဉ်ဟု ခေါ်ဆိုကြသည်။ ယခုတိုင် မည်သည့် နေရာမှ ရောက်ရှိ လာသည်ကို မသိသော အင်ကြင်းပွင့်များ မကြာခဏ တွေ့ရှိလေ့ ရှိသည်ဟု ဆိုကြသည်။ ပန်ထွာဘုရင်မ တည်ခဲ့သော ရွှေရောင်တော် စေတီတွင် အင်ကြင်းပန်း များကို ဘုရားပန်း အဖြစ် လှူထားကြသည်ကို တွေ့မြင်နိုင်သည့်အပြင် ဘုရားရင်ပြင်တဝိုက်တွင်လည်း အင်ကြင်းပန်းများပြန့်ကြဲနေသည်ကို မြင်တွေ့နိုင်ပါသည်။ ထိုဒေသတွင် အသားစားခြင်းနှင့် ဖရုသဝါစာ (မကြားဝံ့ မနာသာ ကြမ်းတမ်းသော စကားများ)၊ ပိသုဏဝါစာ (ကုန်းတိုက် စကားများ) ပြောဆိုခြင်းမှ ရှောင်ကြဉ် သင့်သည်ဟု ဒေသခံ ပြည်သူများက ပြောဆိုလေ့ရှိသည်။
🏵️ယခုခေတ် တိုင်အောင် ဗိဿနိုး ဘုရင်မကို နတ်မယ်တော် တပါးအဖြစ် ကိုးကွယ်မှုများ ရှိနေသည်။ ယုံကြည်မှု အပြည့်နှင့်ကိုးကွယ် ဆုတောင်းပါက ဆုတောင်းပြည့် သည်ဟု ယုံကြည်ကြသည်။ ဗိဿနိုး ဘုရင်မသည် သူ၏တိုင်းပြည်ကို အလွန် ချစ်မြတ်နိုးရာ သူကွယ်လွန် ပြီးနောက် ဗိသာနိုး နတ်မယ်တော်ဖြစ်သွားပြီး သူရဲ့ ပြည်သူ ပြည်သားများကို တန်းခိုးစွမ်းအားဖြင့် စောင့်ရှောက်လျှက်ရှိတယ်လို့ ယုံကြည်ကြသည်။ ပြည်မြို့အနီး မှော်ဇာနှင့် မုထောရွာတို့တွင် ဝါဆို လပြည့် အကြို နေ့တွင် ဗိဿနိုး ဘုရင်မ မယ်တော်ကို ပူဇော်လေ့ရှိကြသည်။
🏵️ဗိဿနိုးဘုရင်မကို ရဲရင့်သော ၊စစ်ရေးစွမ်းရည် ကြွယ်သော ၊ လှပချောမောသော၊ မိမိ တိုင်းပြည်ကို အလွန်ချစ်သော ခေါင်းဆောင် အဖြစ် မြင်ရသလို တဖက်တွင် အမုန်း အညိုးကြီးသော မာန်မာနကြီးသော ရက်စက်သော ဇနီး တဦး အဖြစ်ပါ တပြိုင်နက် မြင်ရမည် ဖြစ်ပါတယ်။
မြန်မာ
ကိုငှက်ကြီး ဆောင်းပါး
Subscribe to:
Post Comments (Atom)
သောကကင်းစွာရှင်သန်ပါ
ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...
-
#ပုပ္ပါးတောင်သမိုင်း အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရ...
-
ပုဂံဘုရားများ သမိုင်း ၁။ဓမ္မရံကြီးဘုရား သမိုင်း ထီးနန်းရဖို့ ခမည်းတော်နဲ့နောင်တော်ကိုသတ် အရက်စက်ဆုံး ဘုရင်ရယ်လို့ သမိုင်းတွင်တဲ့ နရသူ နဲ့ န...
-
သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်ခိုးကြီး ဗုဒ္ဓနိမ္မိတရုပ်ပွားတော် ================================== သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်...
No comments:
Post a Comment