Sunday, July 19, 2020

ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က ဝန်ကြီးဟောင်း ဦးဗဂျမ်း၏ မျက်မြင်ကိုယ်တွေ့

ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က
ဝန်ကြီးဟောင်း ဦးဗဂျမ်း၏ မျက်မြင်ကိုယ်တွေ့

ရက်ကား (၁၉၄၇) ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်ဖြစ်၍ နေ့ကား စနေနေ့ ဖြစ်ပါသည်။

ထိုအခါက ကျွန်တော်သည် လမ်းပန်းအဆောက်အအုံနှင့် ပြန်ထည်ထူထောင်ရေးဌာနကို အုပ်ချုပ်ရသည်ဖြစ်ရာ ထိုဌာန၏ အတွင်းဝန်မှာ အိုင်စီအက်စ် ဦးအုန်းဖြစ်၍ ဒုတိယအတွင်းဝန်မှာ အိုင်စီအက်စ် ဦးချမ်းသာဖြစ်သည်။ ကျွန်တော်သည် အမှတ် ၈၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗလစဌာနချုပ်တွင် နေထိုင်လျက်ရှိရာ ဟင်္သာတခရိုင်သို့ ခရီးထွက်ခဲ့သည်မှအပြန် အအေးမိ၍ အနည်းငယ်ဖျားလျက်ရှိ၏။

ထိုနေ့တွင် ဝန်ကြီးများ အစည်းအဝေး ကျင်းပမည်ဖြစ်ရာ ကျွန်တော်သည် နေမကောင်းသဖြင့် အကြောင်းထူးသာ မရှိခဲ့လျှင် ထိုအစည်းအဝေးသို့ တက်ဖြစ်မည်မဟုတ်ပေ။ ထိုနေ့ ကျင်းပသည့် ဝန်ကြီးများ အစည်းအဝေးတွင် ပြောပြသင့်သော သတင်းထူးတစ်ခုကို ကျွန်တော် ရရှိထား၏။ သတင်းထူးပုံမှာ စစ်တပ်မှ မလိမ့်တပတ်ဖြင့် စက်သေနတ် (ဘရင်းဂန်း) အလက် ၂၀၀ ထုတ်ယူသွားသူမှာ ဦးစောဖြစ်ကြောင်း၊ ထိုသို့ ထုတ်ယူစဉ်က ဦးစောသည် ရှမ်းဘောင်းဘီ၊ မျက်မှန်နက်၊ ဆွယ်တာလက်ပြတ်နှင့်ဖြစ်၍ ထုတ်ယူသွားသော မော်တော်ကား ရှေ့တန်းကား မောင်းသူ၏ဘေးတွင် ထိုင်လျက်ပါကြောင်းများအပြင် ဦးစောတို့လူစုသည် ကုဒီတား (ခေါ်) ‘လက်နက်ဖြင့်အာဏာသိမ်းယူရန်’ ကြံစည်လျက် ရှိကြကြောင်းတို့ကို သတင်းရရှိထား၏။ သို့သော် သတ်ဖြတ်သည်အထိ အကြံပက်စက်ကြမည်ဟူ၍ကား ထိုအခါက ကျွန်တော် လုံးဝ မတွေးတောခဲ့မိပေ။

ရရှိထားသောသတင်းထူးကို ဝန်ကြီးများအစည်းအဝေးတွင် တင်ပြလိုသဖြင့် ကျွန်တော်သည် နေမကောင်းလျက်နှင့်ပင် အဝတ်ထူထူ အထပ်ထပ်ဝတ်၍ အစည်းအဝေးသို့ သွား၏။ အစည်းအဝေး ကျင်းပမည့်နေရာသည် အတွင်းဝန်များရုံး၊ အလယ်ထပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင်ဖြစ်၍ စမည့်အချိန်မှာ နံနက် ၁၀ နာရီ ဖြစ်၏။

အစည်းအဝေးမစမီ မိနစ်အငယ်နည်းခန့်အလိုတွင် ဗိုလ်ချုပ်နှင့်ကျွန်တော် အစည်းအဝေးခန်းမတွင် မျက်နှာချင်းဆိုင် ဆုံမိပြီး အခန်းတွင်းသို့ အတူဝင်သွားကြ၏။ ထိုနေ့တွင် ဗိုလ်ချုပ်သည် ဝတ်နေကျ စစ်ဝတ်စစ်စား မဟုတ်ဘဲ ထူးထူးခြားခြား အရပ်ဝတ် အရပ်စားနှင့်လာ၏။ ရွှေဖလားရောင် ဗန်ကောက်လုံချည် ပိုးအင်္ကျီတို့နှင့်ဖြစ်၍ ဆံပင်မှာလည်း ခါတိုင်းကဲ့သို့ စုတ်ဖွားဖွားကြီးမဟုတ်ဘဲ ညှပ်ပြီးစဖြစ်၍ သပ်ရပ်၏။

“ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ …” ဟု ကျွန်တော်က ပြောင်၍ ပြောလိုက်၏။ “နိုင်ငံရေးသမားတွေက လွတ်လပ်ရေးရပြီးရင် စစ်သားစိတ်ဖျောက်ပြီး အရပ်သားစိတ် မွေးမြူကြဖို့ အရေးကြီးတယ်” ဟု ဗိုလ်ချုပ်က ပြန်ပြော၏။

ဗိုလ်ချုပ်၏အခန်းမှာ အတော်ကျယ်၍ မျက်နှာစာတွင် လူဝင်တံခါးကြီး သုံးပေါက်လည်းကောင်း၊ လက်ယာဘက်ဘေးတွင် ဗိုလ်ချုပ်၏အတွင်းရေး အတွင်းဝန်ဗိုလ်ထွန်းလှ၏ အခန်းသို့ကူးသော တံခါးလည်းကောင်း၊ လက်ဝဲဘက်ဘေးတွင် ဝန်ကြီးများအဖွဲ့ အတွင်းဝန်ဦးရွှေဘော်၏ အခန်းသို့ကူးသော တံခါးသည်လည်းကောင်း ရှိပြီးလျှင်၊ အခန်း၏ ကျောဘက်တွင် ပြတင်းပေါက်သုံးခုရှိ၏။ အခန်းတွင်း အရှေ့မြောက်ထောင့်တွင် ဗိုလ်ချုပ်၏ အလုပ်စားပွဲရှိ၍ အခန်း၏ တောင်ဘက်နံရံတွင် ဝန်ကြီးများ အစည်းအဝေးစားပွဲရှိ၏။

ဝန်ကြီးများ အစည်းအဝေးစားပွဲသည် စားပွဲရှည်သုံးခုကို ထောင့်ချိုး(ဂ)ငယ်ပုံ သုံးဖက်ပိတ် တစ်ဖက်ဖွင့် ဆက်၍ထား၏။ ထိပ်စားပွဲသည် ၁၀ ပေခန့်ရှည်၍ သုံးပေခန့်ကျယ်၏။ ထိုစားပွဲထိပ်၏ အစွန်းတစ်ဖက်တစ်ချက်တွင် ယှဉ်၍ ဒေါင်လိုက်ဆက်ထားကာ စားပွဲမှာ ၁၈ ပေခန့်ရှည်၍ သုံးပေခန့်ကျယ်၏။

ထိပ်စားပွဲ၏အလယ်တွင် ဗိုလ်ချုပ်ထိုင်၏။ ဗိုလ်ချုပ်၏လက်ဝဲဘက်တွင် ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော် ထိုင်၏။ လက်ယာဘက်နံဘေးရှိ စားပွဲရှည်တွင် သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ထိုင်ကြ၏။ ထိပ်စားပွဲ၏ လက်ဝဲဘက်နံဘေးရှိ စားပွဲရှည်တွင် ကျွန်တော်၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီးတို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ထိုက်ကြ၏။

အစည်းအဝေးသည် ချိန်းထားသည့်အတိုင်း ၁၀ နာရီမှာ အချိန်မှန်စ၏။ အစဉ်အလာအတိုင်း အရေးကြီးသောကိစ္စများ စဉ်းစားသောအခါ သက်ဆိုင်ရာ ဌာနအတွင်းဝန်သည် လိုအပ်က လာရောက်၍ ရှင်းလင်းပြောပြရ၏။ ထိုနေ့က ကိစ္စအချို့ စဉ်းစားပြီးသည့်နောက် ၁၀ နာရီခွဲကျော်လောက်တွင် လမ်းပန်း ဆက်သွယ်ရေး စီမံကိန်းကို စဉ်းစားရန် အလှည့်ကျသဖြင့် သက်ဆိုင်ရာဌာန၏ ဒုတိယအတွင်းဝန်ဖြစ်သော အိုင်စီအက်စ်ဦးအုန်းမောင်သည် အစည်းအဝေးသို့ ရောက်ရှိလာပြီးလျှင် လက်ယာဘက်စားပွဲထိပ် သခင်မြ၏အနီး၌ ကပ်လျက်ထိုင်၏။

ဦးအုန်းမောင်ရောက်ရှိပြီး နှစ်မိနစ် သုံးမိနစ်ခန့်အကြာတွင် အစည်းအဝေးခန်းမကြီး၏ မျက်နှာစာရှိ တံခါးသုံးပေါက်အနားက မြောက်ဆုံးတံခါးပေါက်ကို တွန်း၍ဖွင့်ပြီးလျှင် စစ်ဝတ်စုံဝတ်ထားသော လူလေးငါးယောက်သည် တော်မီဂန်း၊ စတင်းဂန်း စသည့် သေနတ်များကို ကိုင်ဆောင်၍ အစည်းအဝေး ခန်းမအတွင်းသို့ ဝင်ရောက်လာကြ၏။ ထိုအခါက ကျွန်တော်သည် သူတို့ဝင်လာသည့် တံခါးကို မျက်နှာမူ၍ ထိုင်နေသဖြင့် ဝင်လာသည့်အချိန်မှစ၍ ကောင်းစွာ သတိပြုမိ၏။ ဝင်လာသူများသည် တပ်မတော်၏ အဝတ်အစားများကို ဝတ်ဆင်လာကြသဖြင့် တပ်မတော်သားများ ဖြစ်သည်ဟုပင် ထင်မိ၏။ သူတို့သည် အလွန်အရေးကြီး၍ ရုတ်တရက်ဖြစ်ပေါ်လာသော ကိစ္စတစ်ခုခုကို ဝန်ကြီးအစည်းအဝေးသို့ အစီရင်ခံလိုသဖြင့် လာကြသည်ဟု တွေးမိ၏။ နားမလည်သေး၊ ရိုင်းသေးသဖြင့်သာ တစ်ယောက်တည်းမလာဘဲ လူများစု၍လာခြင်း၊ သေနတ်များ ကိုင်ဆောင်လာခြင်းတို့ကို ပြုလုပ်ကြသည်ဟု တစ်ဆက်တည်းတွေးကာ နောက်နောင် ဝန်ကြီးအစည်းအဝေးသို့ ကိစ္စရှိ၍ လာရောက်လျှင် တပ်မတော်သားတစ်ဦးသည် လက်နက်ကို အပြင်မှာထားခဲ့ရန်နှင့် တစ်ယောက်တည်းလာရန် အမိန့်ထုတ်ထားပါဟု ဗိုလ်ချုပ်အား ပြောမည်ဟူ၍ပင် စဉ်းစားမိ၏။

ဝင်လာသူ ယူနီဖောင်းဝတ် လက်နက်ကိုင်တို့သည် အစည်းအဝေးစားပွဲကြီး၏ စားပွဲသုံးခအနီး (ဂငယ်) ဝမ်းဗိုက်၏ အဝင်ဝသို့လာ၍ သုံးယောက်ခန့် ရှေ့နောက်စီကာ ရပ်ပြီးလျှင် ရှေ့ဆုံးမှဝင်လာသူသည် “ဟိတ်” ဟု အသံကျယ်စွာ တစ်ခွန်းအော်လိုက်ပြီး ဗိုလ်ချုပ်ကား တော်မီဂန်းနှင့် စ၍ပစ်၏။ ဗိုလ်ချုပ်သည် မတ်တပ်ရပ်လိုက်ကာ သေနတ်ပစ်သူတို့ဘက်သို့ လက်ကာပြပြီးလျှင် တစ်စုံတစ်ခုကို ပြောလိုက်၏။ ဘာပြောသည်ဟူ၍ကား ကျွန်တော် နားမလည်လိုက်ပေ။

ထိုသို့ပစ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျော်ဘွယ်ဦးမြနှင့် ဦးရွှေဘော်တို့သည် ကျောဘက်ရှိ ပြတင်းပေါက်မှ ကျော်ထွက်ပြီးလျှင် ပြတင်းပေါက်အောက်ရှိ နှစ်ပေခန့်ကျယ်သော ကြမ်းပြင်စွန်းကိုကွယ်၍ ဦးရွှေဘော်၏အခန်းသို့ ကူးပြေးကြ၏။ ကျွန်တော်သည် ထိပ်စားပွဲနှင့် အလျားလိုက်ယှဉ်ကာ ကြမ်းပြင်ပေါ်တွင် မှောက်၍ အိပ်လိုက်၏။ ထိုသို့ အိပ်လိုက်သောအခါ ကျွန်တော်၏ လက်ဝဲဘက်တွင်ရှိသော ဦးအောင်ဇံဝေ၏ လက်ကိုလည်း ဆွဲ၍ချလိုက်သဖြင့် ဦးအောင်ဇံဝေသည်လည်း ကျွန်တော်နှင့်အတူ အိပ်လိုက်၏။

ထိုသို့ ရန်သူ့လက်နက်နှင့် ကြုံကြိုက်သောအခါ လှ၍အိပ်လိုက်ခြင်းသည် ဂျပန်ခေတ်စစ်အတွင်းက ရရှိခဲ့သော အလေ့အကျင့်အမွေ ဖြစ်၏။ ဗုံးကြဲလေယာဉ်များလာသဖြင့် အာရှလူငယ် သူနာပြုအဖွဲ့များကို ဗုံးကျရာသို့ စေလွှတ်သောအခါ ကျွန်တော် အမြဲမှာလေ့ရှိသော နောက်ဆုံးစကားများမှာ (ဗုံးကြဲလျှင်၊ စစ်သေနတ်ပစ်လျှင် အမြန်ဆုံးလှဲအိပ်လိုက်) ဟု ဖြစ်နေသည်ကို သတိပြုမိ၏။ ကျွန်တော်သည် သမ္ဗုဒ္ဓေဂါထာ၊ သိရသ္မိ ံဂါထာနှင့် ဓမ္မခက်ဂါထာများကို စစ်အတွင်းက အမြဲရွတ်လေ့ရှိသည့်အတိုင်း ထိုသို့ ကြမ်းပြင်ပေါ်တွင် မှောက်၍နေစဉ် အချိန်တွင်လည်း ရွတ်လျက်ရှိသည်ကို သတိပြုမိ၏။ ဦးအောင်ဇံဝေသည် ၂၄ ပစ္စည်းခေါ် ပဋ္ဌာန်းကျမ်း၏ အကျယ်ဖြစ်သော ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်ကို အနှစ်သုံးဆယ်ကျော်မျှ တစ်နေ့မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ခဲ့သည့်အလျောက် ကြမ်းပြင်ပေါ်သို့ လှဲလိုက်သည့်အချိန်မှစ၍ ရန်သူများ ထွက်သွားသည့်အချိန်အထိ စိတ်တွင်အာရုံပြု၍ရွတ်ကြောင်း နောက်မှ စုံစမ်းသိရှိရလေသည်။

ထိုသို့ မှောက်လျက်ရှိစဉ် ကျွန်တော်၏ လက်ဝဲဘက်နံဘေးသည် ပူခနဲဖြစ်သွား၏။ ကျည်ဆန်တစ်ခု ဘေးသို့ရှပ်၍ ဖောက်ဝင်သွားသည်ဟု ထင်မိ၏။ သို့သော် သေနိုင်သောနေရာမဟုတ် ဟူ၍လည်း တွေးလိုက်သေး၏။

အိမ်ပြန်ရောက်၍ ကြည့်သောအခါ ထိုသို့ ပူခနဲဖြစ်သည့်နေရာ (နံရိုးစွန်းနှင့် တင်ပါးရိုးအကြားအသား) တွင် လက်သန်းဖျားခန့် မည်း၍နေသော အပိုင်းငယ်တစ်ခုကို တွေ့ရ၏။ ထိုနေရာနှင့်တည့်တည့် သက္ကလပ်အပေါ်အင်္ကျီတွင် လက်မဝက်ခန့်ရှည်၍ မန်ကျည်းစေ့ခန့်ကျယ်သော အပေါက်ငယ်တစ်ခုကိုလည်း တွေ့ရ၏။ ထိုသို့ ကျည်ဆန်မှန်သော နေရာတွင် လုံချည်၊ ဘောင်းဘီ၊ ရှပ်အင်္ကျီ၊ ဆွယ်တာလက်ပြတ်နှစ်ခုစွပ်ကျယ်နှင့် အပေါ်အင်္ကျီပါ အားလုံး ခုနစ်ထပ်ရှိသည်ကို တွေ့ရ၏။

ကျွန်တော်၏ လက်ယာဘက် လက်သူကြွယ်အဖျားတွင် တစ်ချက်ထိမှန်၏။ ကျည်ဆန်သည် လက်ဖျားမှဝင်ပြီးလျှင် အလယ်ဆစ်၏ ဘေးမှထွက်၏။ လက်ဖျားဆစ်၏ အတွင်းသားနှင့် အရိုးတစ်ပိုင်း ပဲ့ပါသွားသဖြင့် လက်ဖျားဆစ်တွင် စပါးစေ့တစ်ခြမ်းလောက်မျှသော အရိုးတစ်ပိုင်းနှင့် အပေါ်ရေသာ ကျန်ရစ်သည်ဖြစ်ရာ အဖူးကို နှုတ်ယူထားသည့် ပြောင်းဖူးနှင့်တူ၏။

သူသတ်ယောက်ျားတို့ကား သုံးယောက်ပြိုင်တူ ပစ်ကြ၏။ ပထမရပ်၍ ပစ်ကြ၏။ နောက် ဒူးထောက်၍ ပစ်ကြ၏။ ကျွန်တော်နှင့် ဦးအောင်ဇံဝေတို့ကိုမူကား ကြမ်းပေါ်တွင် မှောက်လျက်ရှိသဖြင့် သေပြီထင်ပြီး မပစ်ဟန် လက္ခဏာရှိ၏။

အပစ်အခတ်ရပ်စဲပြီး သူသတ်များ ပြန်ထွက်နေစဉ် တံခါးဝလောက်အရောက်မှာ ဦးအောင်ဇံဝေသည် မှောက်နေရာမှ ထထိုင်ပြီး ဗိုလ်ချုပ်လဲနေသည့်ဘက်ကို လက်ညှိုးထိုး၍ပြပြီးလျှင် “သေကုန်ကြပြီ … သေကုန်ကြပြီ …” ဟု ညည်းတွားလိုက်၏။

ကျွန်တော်က ဦးအောင်ဇံဝေအား ဆွဲ၍လှဲလိုက်ပြီးလျှင် “မထနဲ့ဦး … ပြန်ဝင်လာရင် ခင်ဗျားကို ပစ်လိမ့်မယ် …” ဟု ပြော၏။ ကျွန်တော်တို့ မိနစ်ဝက်ခန့် ဆက်၍ မှောက်နေကြပြီးလျှင် နှစ်ယောက်အတူ ထကြ၏။ တစ်ခန်းလုံး မီးခိုးဖြင့်မှောင်လျက် ယမ်းငွေ့က တထောင်းထောင်းထလျက်ရှိ၏။ ဗိုလ်ချုပ်ကား ပက်လက်လဲလျက်ရှိ၏။

ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့သည် ဦးရွှေဘော်၏ အခန်းဘက်သို့ ကူးသွားပြီးလျှင် တယ်လီဖုန်းဆက်ရန် ကြိုးစား၏။ တယ်လီဖုန်းဆက်၍မရ။ ပျက်နေဟန်ရှိ၏။ ကျွန်တော်၏ အခန်းသို့သွားရန် ဦးရွှေဘော်၏ အခန်းပြင်သို့ ထွက်လိုက်ရာ ထိုအချိန်က ရန်ကုန်ပလိပ်မင်းကြီးဖြစ်သူ ဦးအောင်ချိန်အား အခန်းဝတွင် တွေ့၏။

 “ဘာဖြစ်ကြတာလဲ …” ဟု ဦးအောင်ချိန် မေးလာသောအခါ “လာလာ … လိုက်သာကြည့်တော့” ဟု ပြောကာ ဦးအောင်ချိန်အား ဦးရွှေဘော်၏ အခန်းကိုဖြတ်၍ အစည်းအဝေးခန်းသို့ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့၏ ခေါ်သွား၏။ ကျွန်တော်တို့ ပြန်သွားသောအချိန်တွင် မိုင်းပွန်စော်ဘွားကြီးသည် သွေးပေလျက်ရှိသော မေးစေ့နှင့်ပါးစပ်ကို လက်ယာလက်ဝါးဖြင့်အုပ်ကာ ဗိုလ်ထွန်းလှ၏ဘက်သို့ လျှောက်သွား၏။ သို့သော် ဗိုလ်ထွန်းလှ ထွက်လာသဖြင့် လမ်းတွင်ပင် ဆုံမိကြ၏။  ဗိုလ်ထွန်းလှသည် အစည်းအဝေးခန်းသို့ ဝင်လာပြီးလျှင် သူသတ်တို့ထွက်သွားသော တံခါးကိုပိတ်၍ ချက်ထိုးလိုက်၏။

ဦးအောင်ချိန်အား အစည်းအဝေးခန်းတွင်ထားပြီး ဦးအောင်ဇံဝေနှင့် ကျွန်တော်၏အခန်းသို့ သွားကြ၏။ အခန်းသို့ရောက်လျှင် ဦးအောင်ဇံဝေသည် ကျွန်တော့်လက်တွင်ရသော ဒဏ်ရာကိုကြည့်၍ ကျည်ဆန်မှာ အဆိပ်ပျံ့မည်စိုးရသည်။ ချက်ချင်းဆေးထည့်ပါဟု သတိပေး၏။ ကျွန်တော်သည် ကျွန်တော်၏ အတွင်းရေး အတွင်းဝန်မောင်သန်းမြင့်အား ဆရာဝန်ခေါ်ခဲ့ရန် မှာထားပြီး အိမ်သို့ပြန်၏။ ကုလားဆရာဝန်တစ်ယောက်၊ ဗိုလ်လက်ျာ၏ညီ ဒေါက်တာလှရွှေတို့ မကြာမီ ရောက်ပြီးလျှင် လက်ဖျားကိုဆေးထည့် ဂွမ်းဆို့၍ချုပ်ပြီး ဒေါက်တာလှရွှေက လက်ပြာနေတာကို သဘောမကျ။ အဆိပ်ကြောင့် ဖြစ်ချင်လျှင် ဖြစ်နိုင်သည်ဟုပြောကာ အဆိပ်ဖြေဆေးကို အရှာခိုင်းသဖြင့် မောင်သန်းမြင့်ကိုလွှတ်၍ စစ်တပ်တွင် ရှာစေ၏။ ထိုဆေးရှာနေစဉ်အတွင်း ဆေးရုံကြီးကို လိုက်ခဲ့ပါ။ ဆေးရုံကြီးမှာ ကိရိယာစုံသည်ဟု ဒေါက်တာလှရွှေက အကြံပေးသဖြင့် လိုက်သွား၏။

ဆေးရုံကြီးသို့ ရောက်သောအခါ ဒေါက်တာဘသန်းနှင့် ဒေါက်တာလှရွှေတို့ တိုင်ပင်ပြီးလျှင် ကုသ၍ ဖြစ်နိုင်သော နည်းမျိုးစုံဖြင့် လိုလေသေးမရှိအောင် ကုသကြ၏။ စစ်တပ်တွင်ရှာသော အဆိပ်ဖြေထိုးဆေးလည်း အလွယ်တကူပင် ရရှိလာသဖြင့် ထိုးရ၏။ ဦးဘချိုနှင့် မိုင်းပွန်စော်ဘွားကြီးတို့အား ခွဲစိတ်ကုသရန် ပြင်ဆင်လျက်ရှိကြောင်း၊ ဒဏ်ရာရသူ ကျန်ပုဂ္ဂိုလ်များမှာ အားလုံးသေဆုံးကြပြီဖြစ်ကြောင်း ကျွန်တော် ဆေးရုံမှမပြန်မီ ကြားသိခဲ့ရ၏။

ည ၈ နာရီခန့်တွင် ဒေါက်တာလှရွှေထံမှ စကားပြောကြေးနန်းဖြင့် ဝန်ကြီးများ၏ အလောင်းကို ညွှန်ကြားချက် တစ်စုံတစ်ရာမရရှိသဖြင့် ရေခဲတိုက်သို့ မပို့ရသေးဘဲ ဆေးရုံမှာပင်ရှိသေးကြောင်း ပြောသည်။ ရေခဲတိုက်သို့ ပို့သာပို့ပါ။ ကျွန်တော် လုံးဝတာဝန်ယူပါမည်ဟု အကြောင်းပြန်ကြားလိုက်၏။

ယခုကဲ့သို့ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံ့မျက်နှာဖုံးခေါင်းဆောင်ကြီးများ ကျဆုံးရခြင်းမှာ မိမိ၏စေတနာကို မိမိယုံကြည်လွန်းသောကြောင့် ဖြစ်၏။ ထိုသို့မဖြစ်မီ အချိန်အတော်ကြာကပင် ဗိုလ်ချုပ်နှင့်တကွ ဝန်ကြီးများအား သတ်ဖြတ်ရန် ကြံစည်စိုင်းပြင်းလျက်ရှိကြကြောင်း အစီရင်ခံစာအမျိုးမျိုး အကြိမ်ကြိမ်ရရှိခဲ့၏။ ထိုသို့ အစီရင်ခံစာများ ရရှိ၍ ဆွေးနွေးကြသောအခါတွင် ဗိုလ်ချုပ်က “ကျွန်တော်တို့လို စေတနာသန့်သန့်ရှင်းရှင်းနဲ့ အဘက်ဘက်က စင်ကြယ်တဲ့လူတွေကို သတ်မယ်ဆိုတာ မဟုတ်နိုင်ပါဘူး။ ကျွန်တော်တို့ကိုသတ်ရင် တစ်နိုင်ငံလုံးက အုံကြွပြီး သူတို့ကိုကော မသတ်ဘဲနေမလား” ဟု ပြောဖူး၏။

ဝန်ကြီးအစည်းအဝေး၊ အခမ်းအနား စသည်တို့တွင် လက်နက်ကိုင် ပုလိပ်အစောင့်အရှောက်၊ စစ်တပ်အစောင့်ရှောက်တို့ကို ဗိုလ်ထွန်းလှက စီမံလျှင် ဗိုလ်ချုပ်က သဘောမကျ။

 “တို့က လူထုရဲ့အစိုးရပါ။ လက်နက်ကိုင် အစောင့်အရှောက် မလိုပါဘူး …” ဟု ပြောလေ့ရှိ၏။

မြတ်စွာဘုရားသော်မှ ဒေဝဒတ်၊ စိဉ္စမာနစသော ရန်သူများ ရှိသေးကြောင်းကို ပညာရှိသော်လည်း သတိဖြစ်ခဲဆိုသော စကားအတိုင်း ကျွန်တော်တို့ မဆင်ခြင်မိဘဲ ပေါ့ပေါ့ဆဆနေလွန်းလှသဖြင့်သာ ယခုကဲ့သို့ ခေါင်းဆောင်ကြီးများ ရေတိမ်မှာ နစ်ကြရရှာပေသည်။

ဦးစော၏အကြံသည် တစ်ရက်တည်းစောသွားသဖြင့် အောင်မြင်ခဲ့သည်။ စစ်တပ်မှ ဘရင်းဂန်း အလက် ၂၀၀ ဦးစောလိမ်၍ ထုတ်ကြောင်းသတင်းကို သခင်မြတွင်လည်းကောင်း၊ ကျွန်တော့်တွင်လည်းကောင်း အခိုင်အလုံ ရရှိထားကြပြီးဖြစ်၍ ထိုနေ့ဝန်ကြီးများ အစည်းအဝေးနောက်ပိုင်း အထွေထွေခန်းတွင် ဦးစောအားဖမ်းရန် ညွှန်ကြားဖို့ ဆုံးဖြတ်ဖွယ်ရှိ၏။

ဦးစောနှင့်အပေါင်းပါတို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့မျက်နှာဖုံး အခြားခေါင်းဆောင်ကြီးများအား သတ်လိုက်ခြင်းဖြင့် ထိုပုဂ္ဂိုလ်များအား သေစေသည်မဟုတ်။ နိုင်ငံတစ်ခုလုံးကို သေစေသည်မည်၏။

ကံကောင်းသူဝန်ကြီးများ

ထိုနေ့ အစည်းအဝေးတွင် မတက်ရောက်သဖြင့် ကံကောင်းသောဝန်ကြီးများမှာ ဦးကျော်ငြိမ်း၊ ဆမားဒူးဝါး၊ စောစံဖိုးသင်နှင့် ဦးဝမ်ကိုဟောတို့ ဖြစ်ကြ၏။ ထိုအခါက ပြည်ထဲရေးဌာန ဝန်ကြီးဖြစ်သော ဦးကျော်ငြိမ်းမှာ အင်္ဂလန်သို့ သွားနေခိုက်ဖြစ်၍ ပြည်ထဲရေးဌာနကို ပျော်ဘွယ်ဦးမြက အုပ်ချုပ်လျက်ရှိ၏။ ကျန်ဝန်ကြီးသုံးဦးမှာ နယ်သို့ရောက်ရှိ ခရီးလွန်နေ၍ အစည်းအဝေးမတက်ဖြစ်ဟု သိရ၏။     ။

မြဝတီမဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၅၃

Crd......

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...