Thursday, August 27, 2020

မသေခင်က ဗိမာန် ပေါက်နေတဲ့ ဆွမ်းအလှူရှင်

 မသေခင်က ဗိမာန် ပေါက်နေတဲ့ ဆွမ်းအလှူရှင်

-----------------------------------------


ညောင်လေးပင် ဆေးရုံပေါ်မှာ…

သက်တော်( ၈၉ )နှစ် ရှိပြီ ဖြစ်တဲ့ ဆရာတော်ကြီး ဦးဇာဂရဟာ နာမကျန်းဖြစ်လို့ ဆေးကုသမှု ခံယူရာကနေ တစ်နေ့မှာတော့ သတိလစ်ပြီး မေ့မြော သွားခဲ့ပါတယ်။


“အင်း…ငါ…ဘယ်ကိုများ ရောက်နေပါလိမ့်၊ ဧကန္တ…ငါအခု နတ်ပြည်ကို ရောက်နေတယ် ထင်ပါရဲ့။”


သူ့ဗိမာန်နဲ့ သူ စောင်း၊ ပတ်သာ၊ တူရိယာတွေ တီးမှုတ်၊ ကခုန် နေလိုက်ကြတာ။


ဟော…

ဒီ ဗိမာန်ကြီးကလည်း ရွှေရောင်တွေ ဝင်းထိန် နေပါရောလား…နတ်သမီး တွေကလည်း ပြည့်လို့။


ဘယ်လို ကုသိုလ်ကောင်းမှုကြောင့်များ ပါလိမ့်…ငါ မေးမြန်း ကြည့်ဦးမှ ပါပဲ။


အို... အသင် နတ်သမီးတို့…ဤ ဗိမာန်ပိုင်ရှင်ကား မည်သူ ဖြစ်ပါသလဲ...


မှန်လှပါဘုရား…

ဗိမာန်ပိုင်ရှင်က ရောက် မလာ သေးပါ။ လူ့ပြည်မှာပဲ ရှိနေဆဲပါ ဘုရား။ သက်တော်ပြည့်လို့ နေ့စေ့၊ ကံကုန်မှ ရောက်လာမှာမို့ တပည့်တော်မတို့ ပျင်းလှပါသည် ဘုရား…လူ့ပြည် ပြန်ရောက်တဲ့ အခါ ဗိမာန်ပိုင်ရှင်ကို တပည့်တော်မတို့ စောင့်မျှော်နေတဲ့ အကြောင်း ပြောကြား ပေးပါဘုရား…


ကောင်းပါပြီ ဒကာမတို့။ ဗိမာန်ပိုင်ရှင်ကို ပြောကြားပေးပါ့မယ်၊ အမည်နာမနဲ့ နေထိုင်တဲ့ နေရပ်ဒေသကိုသာ လျှောက်ထားပါလေ…


မှန်လှပါဘုရား…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမပါ ဘုရား…


ဟော…ဆရာတော်ကြီး သတိရလာပြီ ဟေ့…


မောင်ပဉ္ဇင်းတို့…ငါပြောတာကို စာရွက်နဲ့ သေချာ လိုက်ရေးထားစမ်း ကွဲ့။


ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမ တဲ့…


ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာတဲ့ အတွက် ဆရာတော်ကြီးဟာ ဆေးရုံကနေ ဆင်းပြီးတဲ့အခါ...


သူ မှတ်ခိုင်းထားတဲ့ လိပ်စာအတိုင်း ရဟန်းတော် ( ၂ )ပါးကို


မောင်ပဉ္ဇင်း တို့…

ဗိမာန်ပိုင်ရှင် ဆီကို သွားပါ။ ဘာကြောင့် မသေခင်ကပဲ နတ်ပြည်မှာ ဗိမာန်ပေါက်တဲ့အထိ ဘယ်လို ကုသိုလ်၊ ကောင်းမှုတွေများ ပြုလုပ်သလဲ လို့ သေချာ မေးမြန်း၊ စုံစမ်းခဲ့ပါ ဆိုပြီး ခိုင်းလိုက်ပါတယ်။


ဝဲကြီးအောက်ခုံရွာမှာ ဒေါ်ကုလားမကို မသိတဲ့လူ မရှိပေ။


ဒေါ်ကုလားမက မုဆိုးမပါ။ သမီးလေးတစ်ယောက်နဲ့ ပဲပြုတ် ရောင်းစားတယ် တဲ့။


ရဟန်းတော် (၂ )ပါးဟာ ယိုင်နဲ့နဲ့ တဲလေးထဲ ဝင်သွားပြီး ဒေါ်ကုလားမနဲ့ ဆိုက်ဆိုက်၊ မြိုက် မြိုက် တွေ့တဲ့အခါ ဆရာတော်ကြီး မိန့်ကြားလိုက်တဲ့အတိုင်း အကျိုးအကြောင်း ပြောပြပြီး ဒေါ်ကုလားမရဲ့ ကုသိုလ် ကောင်းမှုတွေကို မေးမြန်း ကြပါတယ်။


အရှင်ဘုရားတို့…

တပည့်တော်မက ဆင်းရဲပါတယ်ဘုရား၊ တခြားသူတွေလို ထောင်သောင်းချီပြီး မလှူဒါန်းနိုင် ပေမဲ့ မနက်အာရုဏ် တစ်ကြိမ်၊ နေ့ဆွမ်း တစ်ကြိမ်တော့ ဘုရားရှင်ကို နေ့တိုင်း၊ မပျက် မကွက် ဆွမ်းကပ် လှူဒါန်းပါတယ် ဘုရား။


ဪ…ဟုတ်လား၊ ဒါနဲ့ ဒကာမကြီးရဲ့ ဘုရားရှင်ကို ဆွမ်းကပ် လှူဒါန်းပုံကို ဦးဇင်းတို့ သိပါရစေ ဒကာမကြီး။


တင်ပါ့ဘုရား…


ဆွမ်းကပ် လှူဒါန်းပုံ

*******************


တပည့်တော်မဟာ မနက်အာရုဏ် တက်တာနဲ့ အသင့်ချက်ပြီးတဲ့ ဆွမ်းကို စားပွဲခုံနဲ့ သေချာပြင်ဆင်ပါတယ် ဘုရား။


လက်ဆေးတော်ရေ၊ သောက်တော်ရေ၊ လက်သုပ်ပုဝါတွေ အပြည့်အစုံ တင်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တိုင် ကြွရောက် ဘုန်းပေးနေသလို အာရုံပြုလို့...ဒါက လက်ဆေးတော်ရေပါ ဘုရား၊ ဒါက သောက်တော်ရေပါ ဘုရားလို့ လျှောက်ထား၊ ဆက်ကပ် အနားကနေ ယပ်ခတ်ပြီးတော့ လှူဒါန်းပါတယ် ဘုရား…


တပည့်တော်မလည်း သူများတွေလို သား၊ ငါးနဲ့ သေချာချက်ပြုတ်ပြီး လှူဒါန်းချင်ပေမယ့် မတတ်နိုင်တဲ့အတွက်

နေ့စဉ် ပဲပြုတ်နဲ့သာ လှူဒါန်းနိုင်ပါတယ်။


တခါတရံ စျေးရောင်းပြီး ပြန်လာတဲ့အခါ ငါးနုပ်၊ ငါးဖွဲလေးများ ဝယ်လာပြီး တပည့်တော်တို့ မစားပဲ ဘုရားရှင်ကိုသာ လှူဒါန်းပါတယ် ဘုရား…


ကောင်းလိုက်တာ ဒကာမကြီးရယ်…

ဦးဇင်းတို့ လှိုက်လှိုက်လှဲလှဲ သာဓု ခေါ်ပါတယ်။


အင်း…

ဒကာမကြီးရဲ့ အားကြီးတဲ့ သဒ္ဓါတရားကြောင့် နတ်ပြည်မှာ ဗိမာန် ကြိုပေါက်နေတာကိုး…


ဒါနဲ့ ခုလို လှူဒါန်းခဲ့တာ ဘယ်လောက် များ ကြာပြီလဲ ဒကာမကြီး...


မှန်လှပါ…

သမီးလေးတစ်သက် အနှစ်နှစ်ဆယ် တိုင်ခဲ့ပါပြီ ဘုရား …


ဒကာမကြီးရဲ့ကုသိုလ်ကို

ဦးဇင်း တို့ကိုလည်း အမျှ ပေးဝေပါ၊ သာဓု ခေါ်ဆို ပါရစေဒကာမကြီး။


တပည့်တော်မသည်…

ဘုရားရှင်အား ရည်မှန်း၍ နေ့စဉ် ဝတ်မပြတ် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆပ်ကပ်၊ လှူဒါန်းရသော ကောင်းမှုကုသိုလ် အစုစုတို့ကို အနန္တ စင်္ကြာဝဋ္ဌာရှိ အနန္တ သုံးဆယ့်တစ်ဘုံသား အားလုံးတို့အား မိမိ၏ ဖြူစင်သန့်ရှင်းသော ကုသိုလ်ကို ထပ်တူ၊ ထပ်မျှ ရနိုင်စေရန် အမျှ အမျှ အမျှ ပေးဝေ ငှပါကုန်၏။



ကုသိုလ်၊ အားလုံး ကြားကြားသမျှ

အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့

သာဓု သာဓု သာဓု

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...