Wednesday, July 1, 2020

သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်ခိုးကြီး ဗုဒ္ဓနိမ္မိတရုပ်ပွားတော်

သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်ခိုးကြီး ဗုဒ္ဓနိမ္မိတရုပ်ပွားတော်
==================================

သမိုင်းဝင် မြသိန်းတန်စေတီနှင့် တန်ခိုးကြီးဗုဒ္ဓနိမ္မိတရုပ်ပွားတော်ကား သရက်ခရိုင်၊ အောင်လံမြို့နယ်၏ တောင်ဘက် ၁၀မိုင်ကွာရှိ ဘွက်ကြီးတံတား၏ အနောက်မြောက် တစ်မိုင်ခန့်ကွာ ဧရာဝတီကမ်းဦးရှိ မြစ်နားရွာတွင် တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းစေတီတစ်ဆူပင် ဖြစ်သည်။ဘုရားဒါယကာဦးမြသောင်း(သီတဂူ ရေလှူ ရှင်)၏ အကြိမ်ကြိမ် ဖိတ်ခေါ်သော်လည်း မရောက်ခဲ့။ ယနေ့ အောင်လံသို့ ကူးခဲ့ပြီး ဆိပ်ကမ်းမှ သူငယ်ချင်း ကိုလှကြိုင်က အရန်သင့်စောင့်ကြိုနေသဖြင့် ဧရာအရှေ့ ကားဂိတ်သို့ အပြေးနှင်ပြီး ဂိတ်မှူ းဦးသိန်းမောင်၏ နိဗ္ဗာန်ကူးတို့ဖြင့် နံနက်၇နာရီ ရန်ကုန်ထွက်မည့် ကားရှေ့ဘက်တွင် နေရာစီစဉ်ပေးမှုကြောင့် ဂိတ်မှူ းကြီးအား မေတ္တာပို့ရပြန်သည်။
                    မော်တော်ယာဉ်မှာ ဘွက်ကြီးတံတားမရောက်မီ နှစ်ဖာလုံခန့်တွင် ရပ်၍ ကားပေါ်မှဆင်းလိုက်စဉ် မြောက်လေနှင့်အတူ လွင့်မြူ းလာသည့် အသံချဲ့စက်မှ ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်သံကြောင့် ကိုယ်စိတ်နှလုံး ရွှင်ပြုံ းချမ်းမြေ့သွားသည်။
                    ပြည်-အောင်လံလမ်းမကြီးမှ ၁၀မိနစ်ခန့် လျှောက်လျှင် မြသိန်းတန်စေတီသို့ ရောက်ရှိပေရာ ကျောင်းကန်ဇရပ်နှင့် မဏ္ဍပ်များ၌ ဘုရားဖူးတို့ဖြင့် ပြည့်နေတော့သည်။
                    ဘုရားဖူးများသလောက် အလှူ ဒါနပြုသူများလည်း ပေါများလှပေသည်။ ထိုနေ့က ဘုရားကုန်းတော်တွင် ဘုရားဒါယကာဦးမြသောင်း+ဒေါ်သန်းစိန် မိသားစု၏ ကထိန်သင်္ကန်းကပ်၊ မြေးများရှင်ပြု ၊ ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇောပွဲတို့ဖြင့် စည်ကားလှပေသည်။
                    စာရေးသူတို့လည်း များပြားလှသည့် ဘုရားဖူးများအတွင်း ဘုရားဒါယကာဦးမြသောင်းအား ဧည့်ပရိသတ်များကို ရွှန်းရွှန်းဝေဧည့်ခံစကား ပြောနေသည်ကို မြင်ရ၏။ ထို တိုက်အတွင်းဝင်၍ ဘုရားဝတ်ပြု ပြီးနောက် ဦးမြသောင်းက မျှော်နေခိုက်ရောက်လာသဖြင့် မုန့်မျို းစုံဖြင့် ဧည့်ခံကျွေးမွေးပြီးနောက် ဘုရားရင်ပြင်တော်တွင် တည်ထားကိုးကွယ်ထားသော ရုပ်တုများအား လိုက်လံပြသသည်။
     
            မြသိန်းတန်စေတီကို ကောဇာသက္ကရာဇ် ၄၇၃ခုနှစ်တွင် ဘိုးတော်ကျန်စစ်မင်းကြီး၏ ထီးမွေနန်းလျာကို ဆက်ခံတော်မူသော ရွှေဂူဒါယကာ အလောင်းစည်သူမင်းကြီးသည် မြန်မာနိုင်ငံအတွင်း ရေကြောင်းခရီးဖြင့် တိုင်းခန်းလှည့်လည်တော်မူသည့်တစ်နေ့တွင် သင်္ဃနက်ဖောင်တော်ဖြင့် ယခုမြသိန်းတန်စေတီအနီးအရောက်တွင် ဖောင်တော်မှာရပ်တန့်သွား၏။ ထိုကဲ့သို့ ထူးခြားသောဖြစ်ရပ်ကြောင့် မင်းကြီးသည် အပါးတော်ရှိ ပရောဟိတ်တို့အား ထိုဖြစ်ရပ်ကိုမေးမြန်းရာ ပရောဟိတ်တို့က ဖောင်တော်ရပ်တန့်သွားရခြင်းမှာ သမ္မာဒေဝနတ်မြတ်အပေါင်းတို့၏ နှိုးဆော်မှုကြောင့် ယခုအနီးဝန်းကျင်တွင် အလွန်ထူးခြား၍ တန်ခိုးကြီးမားသော အရာဝတ္ထု တစ်ခုကြောင့် ဖြစ်ရကြောင်း လျှောက်ထားလေရာ မင်းကြီးသည် ပညာရှိတို့အဆိုအရ ထူးခြားသည့် အရာဝတ္ထု ကို တွေ့မြင်လိုသဖြင့် အဖွဲ့များခွဲ၍ နေရာအနှံ့ရှာစေသည်။
             
      မင်းကြီး၏စိတ်အလိုဆန္ဒကို ဖြည့်ဆည်းလိုကြသဖြင့် ရှာဖွေကြရာ ``ဂွမ်းပခြင်း´´မျှရှိသောစေတီ (ဂွမ်းထည့်သောခြင်း)ကို တွေ့ရှိရာ မင်းကြီးထံသွားရောက် လျှောက်ထားလျှင် အလွန်အားရတော်မူပြီး ၎င်းအား သိကြားမင်းဆက်သည့် မြလက်ဝတ်တော်အား ဌာပနာရန်အတွက် ချွတ်၍ ရေသန့်စင်ရာ ရေထဲသို့ကျသွား၏။ ထိုမြကျောက်လက်စွပ်ကျ၍ ဆည်ယူရသောနေရာကို ``မြကျောက်ဆည်´´ဟု ခေါ်တွင်ခဲ့ရာမှာ ယခုအခါကျောက်ဆည်ရွာပင်တည်း။
                   မင်းကြီးသည် စေတီအား ဖူးမြော်လို၍ ကြွမြန်းခဲ့ရာ လှမ်း၍မြင်ရပြီး ၎င်းနေရာတွင် ခေတ္တရပ်နားတော်မူသည်။ ထိုစေတီအား ``မြင်၍နား´´သောကြောင့် ``မြင်နား´´ ယခု ``မြစ်နားရွာ´´ဟုခေါ်ကြသည်။
             
    အလောင်းစည်သူမင်းကြီးလည်း စေတီအားဖူးမြော်ပြီးသောအခါ အလွန်ဝမ်းသာကြည်နူးတော်မူ၍ မိမိ၏မြလက်စွပ်အား ဌာပနာကာ တည်တော်မူ၍ ထိုစေတီအား ``မြသိန်းတန်´´စေတီဟု သမုတ်တော်မူခဲ့ရာ ယခုထက်တိုင်အောင် မြစ်နားရွာမှ ရှေးဟောင်းမြသိန်းတန်စေတီ ဖြစ်တော်မူသည်။ သို့ဖြစ်၍ မူလဒါယကာမှာ မဏိစည်သူ ခေါ် အလောင်းစည်သူမင်းကြီးပင် ဖြစ်သည်။ ဦးမြသောင်းသည် နိမ္မ်ိတရုပ်ပွားတော်အကြောင်းကို ဆက်၍ပြောပြသည်။

တန်ခိုးကြီးဗုဒ္ဓနိမ္မိတရုပ်ပွားတော်

                    ထိုဗုဒ္ဓ၏ရုပ်ပွားတော်ကား မူလက ယခု မြသိန်းတန်စေတီ၏ အနောက်မြောက်ဘက်ရှိ တစ်ဝဂူစေတီအတွင်းတွင် ကိန်းဝပ်တော်မူခဲ့ပေသည်။
                    ၁၃၄၂ခုနှစ်၊ တန်ခူးလဆန်း ၁၄ရက်နေ့တွင် ဘုရားစေတီအားလုံးကို ဂေါပကအဖွဲ့မှ ရေသပ္ပါယ်ကြသည်။ အလားတူ ထိုရုပ်ပွားတော်အား တစ်ဝဂူအတွင်းမှ အပြင်သို့ပင့်ဆောင်၍ ရေသပ္ပါယ်ပြီးနောက် ယာယီစံကျောင်းတွင် ကိန်းဝပ်စေ၍ ရွှေသင်္ကန်းကပ်ခြင်း၊ နေ့စဉ် ပန်း၊ ရေချမ်း၊ အမွှေးနံ့သာ၊ ဆီမီးတို့ဖြင့် မပြတ်ပူဇော်သည့်အပြင် အသံမစဲ မဟာပဌာန်းဒေသနာတော်မြတ်ကိုလည်း ရွတ်ဖတ်သရဇ္စျာယ်တော်မူ၍ ပူဇော်ခဲ့ပေသည်။
           
      ၁၃၄၃ခုနှစ်၊ ကဆုန်လဆန်း ၁၅ရက်နေ့တွင် ဂေါပကအဖွဲ့မှ ထိုရုပ်ပွားတော်မြတ်အား မူလစံပယ်ရာ တစ်ဝဂူစေတီတော်အတွင်းသို့ ပြန်လည်ပင့်ဆောင်ခဲ့ရာ ရုပ်ပွားတော်မြတ်မှာ တစ်ဝဂူအပေါက်မှ လုံးဝသွင်း၍ မဆံ့တော့ပေ။ ဘုရားလူကြီးများလည်း ယခင်အပြင်သို့ပင့်စဉ်ကလည်း ၎င်းတို့၊ ယခုမူလနေရာသို့ ပြန်လည်ပင့်ဆောင်ပြန်တော့လည်း ဘုရားဒါယကာဦးမြသောင်းနှင့် ဂေါပကများပင်ဖြစ်၍ အလွန်အံ့ဩကြပြီး အကြိမ်ကြိမ်ပြန်သွင်း၍ ပင့်ဆောင်သော်လည်း ဗုဒ္ဓ၏နိမ္မိတရုပ်ပွားတော်မြတ်မှာ လုံးဝ မဆံ့တော့၍ နောက်ဆုံးတွင် ဂေါပကအဖွဲ့ လက်လျှော့လိုက်ပြီး ယာယီစံကျောင်းတော်တွင်ပင် ပင့်ဆောင်၍ ကိန်းဝပ်စေတော့သည်။
           
      ထိုရုပ်ပွားတော်၏ တန်ခိုးတော်မှာ ပန်းသတင်း လေညင်းဆောင်သကဲ့သို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားလေရာ အောင်လံ၊ သရက်နှင့် ပြည်မြို့ စသည်မှ ဘုရားဖူးများဖြင့် စည်ကားနေတော့သည်။
                    ထိုအချိန်တွင် တစ်ည၌ ဘုရားဒါယကာ ဦးမြသောင်း အိပ်ပျော်သွားစဉ် သူတော်စင်တစ်ပါးကြွလာပြီး ရုပ်ပွားတော်အား သီးခြားဂန္ဓကုဋိတိုက်ဆောက်၍ ကိန်းဝပ်တော်မူရန် စီစဉ်ဆောင်ရွက်ပါ၊ ဆက်လက်၍ သာသနာပြုပါဟု အိပ်မက်မက်ပါသည်။
                    များမကြာမီ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးတင်ရွှေ+ဒေါ်ခင်သန်းနွဲ့တို့မိသားစု ဘုရားဖူးလာရင်း ဗုဒ္ဓရုပ်ပွားတော်က်ိန်းဝပ်ရန် ဂန္ဓကုဋိတိုက်အား ၎င်းတို့မိသားစုမှ ဆောက်လုပ်လှူ ဒါန်းမည့်အကြောင်းနှင့် ကုန်ကျစရိတ်အားလုံးကို လှူ ဒါန်းပူဇော်ခဲ့ပေသည်။
                    မြသိန်းတန်စေတီ၏ ပရဝဏ်အတွင်းတွင် ဆောက်လုပ်လှူ ဒါန်းမှု အစုစုတို့မှာ ကျပ်သိန်းပေါင်း ၄၀ကျော် ကုန်ကျခဲ့သော်လည်း မည်သည့်အရပ်ဒေသကိုမှ အလှူ ခံမသွားရဘဲ ဘုရားဖူးလာ သုတော်စင်များ၏ လှူ ဒါန်းမှုအစုစုတို့ကြောင့် အောင်လံမြို့နယ် မြစ်နားရွာ မြသိန်းတန်စေတီနှင့် ရုပ်ပွားတော်မြတ်တို့၏ ဘုန်းတန်ခိုးကြောင့်ပင် သာသနာအရောင် ထွန်းလင်းပြောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဦးမြသောင်းက ရှင်းလင်းပြောပြပါသည်။
                    စာရေးသူအနေဖြင့် အလွန်ထူးခြား၍ တန်ခိုးကြီးမားသော ဗုဒ္ဓနိမ္မိတရုပ်ပွားတော်၏ သမိုင်းအား ဓမ္မဒါနအဖြစ် ဖတ်ကြားလေ့လာဖူးမြော်နိုင်ကြစေရန် ရည်ရွယ်၍ ဤဆောင်းပါးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။
                                    အေးဝေ(သရက်)

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...