Sunday, June 21, 2020

ကျိုက်ထီးရိုးစေတီတော် တည်ထားပုံနှင့်သမိုင်းအကြောင်း

ကျိုက်ထီးရိုးစေတီတော် တည်ထားပုံနှင့်သမိုင်းအကြောင်း

စေတီတော်တည်ထားပုံ
==============================
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိသည်။

(စစ်ကဲကြီး ဦးရွှေနော် ရေးသားသော မွန်ရာဇဝင်နှင့် စေတီတော် သမိုင်းပေါင်းချုပ်အရ ဖော်ပြပေးပါမည်)


စေတီတော်သမိုင်း
=======================
မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်ဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မသီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိတောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်စေရန်လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်။ နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။ တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အနာရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့လေသည်။ ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။ ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု ခေါ်တွင်လာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။
Crd.....
မူးရင် ရေးသားသူအာ လေးစားလျှက် ..
#k.k#


No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

   ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့...