"ယမုံနာမြစ်ကမ်းနဘေးမှ
ာ မီးသင်္ဂြိုဟ်ပြီး သူ့ရဲ့ အရိုးနဲ့ပြာတွေကို ယမုံနာမြစ်ရေထဲမှာ မျှောချလိုက်တယ်။ ဒါပေမယ့် ဒီကနေ့အထိ သူဟာ ကြီးမြတ်တဲ့ ဝိညာဉ်တော်အဖြစ် လူတွေရဲ့ နှလုံးသားထဲမှာ ရှင်သန်နေဆဲပဲ။ ဒီနေ့ဟာ သူ့ရဲ့ (၁၄၃)နှစ်မြောက် မွေးနေ့။ သူဟာ မြန်မာပြည်ကို (၃)ကြိမ် လာဖူးတယ်"
တက္ကသိုလ်သို့ တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူများကို ကျွန်တော်က စကားစလိုက်သည်။ သူတို့လေးတွေက စဉ့်ကိုင်နှင့် ကျောက်ဆည်နယ်ရှိ တက္ကသိုလ်အသီးသီးတွင် တက်ရောက် ပညာသင်ယူနေကြသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည်။
စဉ့်ကိုင်မြို့ ရပ်ကွက်ထဲရှိ ပြင်ပဘော်ဒါဆောင်တွင် ကြုံသလို ဌားရမ်းနေကြရသူများ ဖြစ်ကြသည်။ တက္ကသိုလ်ပညာရေးက သူတို့လေးတွေ နေထိုင်ရန် အဆောင်မပေးနိုင်။ ထို့ကြောင့် စီးပွားရေးအကွက်မြင်သော သူငယ်ချင်းတစ်ယောက်က အဆောင် ဖွင့်ထားသည်။ သူ့အိမ်သို့ အလည်အပတ် သွားရောက်ခဲ့သည်။
သူက မိတ်ဆက်စကား ပြောခိုင်းသဖြင့် သူ့အဆောင်ရှိ ကျောင်းသား၊ ကျောင်းသူများကို ကျွန်တော်က နိဒါန်းစကားစပျိုးရင်း နှုတ်ဆက်စကားဆိုလိုက်သည်။
"ပညာသင်ယူတယ်ဆိုတာ ဒီထက်မြင့်မားတဲ့ ဘဝတစ်ခုကို တက်လှမ်းဖို့။ သူက ၁၈၆၉ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့မှာ မွေးတယ်။ အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ 'ပေါ်ဗန်ဒါ' မြို့မှာမွေးတဲ့ ဟိန္ဒူဘာသာဝင် တစ်ယောက်ပဲ။ သူ့အသက် (၁၄) နှစ်မှာ သူ့တို့ဓလေ့ထုံးစံအတိုင်း အိမ်ထောင်ပြုတယ်။ ကလေးအဖေဖြစ်ပြီးမှ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကိုသွားပြီး ဥပဒေပညာသင်ယူတယ်။ ရှေ့နေတစ်ယောက် ဖြစ်လာခဲ့တယ်။ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့မှာ ရှေ့နေလုပ်ငန်းနဲ့ အသက်မွေးတယ်၊ မအောင်မြင်ဘူး။ အဲဒီအချိန်က အိန္ဒိယနိုင်ငံဆိုတာ တို့မြန်မာနိုင်ငံလိုပဲ အင်္ဂလိပ်ကိုလိုနီ လက်အောက်ခံ"
နားထောင်ပေးသူ ကျောင်းသားလူငယ် (၅၀) ခန့် ရှိသည်။ အများအားဖြင့် မိဝေးဖဝေး လာရောက်နေထိုင်ကြရသဖြင့် စာရိတ္တ ယိမ်းယိုင်ချင်နေသော လူငယ်လေးများ ဖြစ်ကြသည်။
"ဗဟိုရှိမှ စက်ဝိုင်းဆိုတာ ဆွဲလို့ရတာ။ ဒီလိုပဲ ရည်မှန်းချက်ရှိမှ လူလို့ ခေါ်တယ်။ သူဟာ မင်းတို့လို လူငယ်လေးပဲ။ ရည်မှန်းချက် ရှိတယ်၊ ကြိုးစားတယ်၊ စာရိတ္တကောင်းတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ တောင်အာဖရိကမှာ နေထိုင်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ စီးပွားရေးနဲ့ ပိုင်ဆိုင်ခွင့်အတွက် သူ့ကို ရှေ့နေငှားတယ်။ တောင်အာဖရိကကို ရောက်တော့ မီးရထားစီးတယ်။ သူ့ကို မီးရထားပေါ်က ဆွဲချတယ်တဲ့ကွာ"
ကျွန်တော်က စကားစကို ဖြတ်လိုက်သည်။
သူ့တို့ ကျွန်တော့်ကို မေးခွန်းလေးတွေ မေးစေချင်သည်။ ဒါမှ စကားပြောရတာ အရသာရှိမည်။
အသားမည်းမည်း၊ မျက်ခုံးကောင်းကောင်း လူငယ်လေးတစ်ဦးက ကျွန်တော့်ကို ပြုံးပြနေသည်။
"ဘာလို့ ပြုံးနေတာလဲ၊ သိချင်ရင် မေးဟေ့။ ကိုယ့်နာမည်ကို ကိုယ်ကိုယ်တိုင် မိတ်ဆက်ရမယ်။ မေးကြ၊ ဒါမှ စကားပြောရတာ အားရှိမှာကွ"
ပြုံးပြနေသော လူငယ်က မတ်တတ်ရပ်လိုက်သည်။
"ကျွန်တော့်ကို သူငယ်ချင်းတွေက အသားမည်းလို့ ချစ်စနိုးနဲ့ `ငှက်ပျောကြော်` လို့ ခေါ်ကြတယ်။ အခုပြောနေတဲ့ ပုဂ္ဂိုလ်က ဘယ်သူပါလဲ ခင်ဗျ၊ သိချင်လို့ပါ"
"မင်း မေးလို့ ငါ ဝမ်းသာတယ်။ အဲဒါ အိန္ဒိယနိုင်ငံရဲ့ နှလုံးရည်သူရဲကောင်း `မဟတ္တမဂန္ဒီ` ပဲ။ သူ့နာမည်အရင်းက M.K ဂန္ဒီ။ `မဟတ္တမ` ဆိုတာ `ကြီးမြတ်သော ဝိညာဥ်တော်` လို့ အဓိပ္ပါယ်ရတယ်။ `မဟတ္တမ` ဆိုတဲ့ ဝိသေသကို ပြည်သူတွေက ပေးထားတာ"
"ဘာလို့ သူ့ကို မီးရထားပေါ်က ဆွဲချတာရလဲ ဆရာ"
"အင်္ဂလိပ်တွေက အသားအရောင် ခွဲခြားတယ်။ တော်တော် ဘဝင်မြင့်တဲ့ လူမျိုး။ တချို့မီးရထားတွေကို လူမည်းတွေ မစီးရဘူး။ တခြား လူမျိုးတွေ စီးခွင့်မရှိဘူး။ အဲဒီလို မီးရထားပေါ်က ဆွဲချခံရတဲ့အတွက် `လူသားဝါဒ` စိတ်ဓာတ်တွေ `ဂန္ဒီကြီး` ရဲ့ ရင်ထဲမှာ သန္ဓေ တည်လာခဲ့တော့တယ်။ လူကို လူလိုမြင်တတ်ဖို့အတွက် အင်္ဂလိပ်တွေကို ဆုံးမဖို့တောင် အာဖရိကမှာ (၁၇) နှစ်လောက် နေထိုင်ခဲ့တယ်။ ပြီးမှ အိန္ဒိယကို ပြန်လာတယ်။
အိန္ဒိယမှာလည်း ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားခြင်းကြောင့် လူ့အခွင့်အရေး ဆုံးရှုံးနေရတာတွေ၊ ပြီးတော့ အင်္ဂလိပ်အစိုးရရဲ့ မတရားတဲ့ဥပဒေနဲ့ အမိန့်အာဏာတွေကြောင့် လူတွေဟာ လူလိုနေထိုင်ခွင့်မရတာတွေကို တွေ့မြင်ရပြီး ဥပဒေသမားပီပီ ဥပဒေနဲ့ တိုက်ပွဲဝင်တယ်။ နောက်ကျတော့ ထောင်ကျတော့တာပေါ့ကွာ"
`ငှက်ပျောကြော်` က ပြောသည်။
"အများအတွက် ကြိုးပမ်းနေသူတွေဟာ ထောင်ကျတတ်တယ်နော်။ ဟုတ်လား ဆရာ"
"ဟုတ်တော့ ဟုတ်တယ်။ ဒီလိုရှိတယ်ကွ။ အများအတွက် ကြိုးပမ်းနေသူတွေဟာ ထောင်ကထွက်လာရင် `လက်မထောင်` ပြီး ထွက်လို့ရတယ်။ အများအတွက် ကြိုးပမ်းနေသူတွေကို ထောင်ချခဲ့တဲ့သူတွေကတော့ လူကြားထဲမှာလည်း လက်မ မထောင်နိုင်သလို သမိုင်းစာမျက်နှာပေါ်မှာလည်း လက်မ မထောင်နိုင်ကြဘူးကွ"
ကျောင်းသူတစ်ယောက်က လက်ညှိုးထောင်ပြီး မတ်တတ်ရပ်လိုက်သည်။
"သမီးနာမည်က `ဂီသား` ပါ။ ဟိန္ဒူဘာသာဝင်ပါ။ `မဟတ္တမဂန္ဒီ` က `အဟိံသ` ဆိုတဲ့ သည်းခံခြင်းဝါဒကို သုံးတယ်တဲ့။ အဲဒါ ဘာလဲ ဆရာ။ သမီး ကြားဖူးတာကို သိချင်လို့ပါ"
"ဆရာ နားလည်သလောက်တော့ မတရားတဲ့ အမိန့်အာဏာ၊ မတရားတဲ့ ဥပဒေစည်းမျဥ်းတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ပွဲဆင်တာကို `အဟိံသ` လို့ ခေါ်တယ်။ လူသေစေတဲ့ တုတ်၊ ဓား၊ သေနတ် လက်နက် မကိုင်ဘူး။ မေတ္တာနဲ့ သစ္စာတရားကို ရင်မှာ ထားပြီး မတရားမှု မှန်သမျှကို သည်းခံတဲ့စိတ်နဲ့ စိတ်ရှည်ရှည် တိုက်ပွဲဝင်ခြင်းဟာ `အဟိံသ` နည်းပဲ"
တစ်ယောက်က မတ်တတ်ရပ်လိုက်ပြန်သည်။
"သမီးနာမည်က `ဖြူဖြူကိုကြီး` ပါ။ သမီးအဖေက နိုင်ငံရေးလုပ်ခဲ့တဲ့အတွက် ထောင်ကျဖူးပါတယ်။ သမီးအဖေအတွက် သမီးဂုဏ်ယူပါတယ်။ ဒါပေမယ့် အများအကျိုးလုပ်တဲ့သူတွေကို ဘာလို့ အပြစ်ပေးကြတာလဲ ဆရာ၊ သိချင်လိုက်တာ"
"အေး... ဟုတ်ပြီ။ အများအကျိုး ဆောင်ရွက်သူကို ထောင်ချခဲ့တဲ့သူဟာ ကိုယ်ကိုယ်တိုင် ကိုယ်ကျိုးကြည့်သူလို့ ဝန်ခံလိုက်တာပဲဟေ့။ အတ္တကြီးသူတွေဟာ မောဟစိတ်ကြောင့် အမှန်ကို မမြင်နိုင်ကြဘူးကွဲ့။ ဆက်ပြောရဦးမယ်။ `မဟတ္တမဂန္ဒီကြီး` က အမှန်တရားကို ကြောက်ရွံ့သူ၊ ရင်မဆိုင်ရဲသူတွေရဲ့ ထောင်ချခြင်းကို အကြိမ်ကြိမ် ခံခဲ့ရတယ်။ ထောင်ထဲမှာလည်း အစာငတ်ခံ ဆန္ဒပြခဲ့တယ်။ သူဟာ ပြည်တွင်းဖြစ်ကို အားပေးဖို့ လှုံ့ဆော်တဲ့အနေနဲ့ ကိုယ့်အဝတ်အထည်ကို ကိုယ်ကိုယ်တိုင် ချည်ငင်ပြီ ရက်လုပ်ဝတ်ဆင်တယ်။ သစ်သားဖိနပ်ကို စီးတယ်။
`မဟတ္တမဂန္ဒီ`ရဲ့ ပြတိုက် `နယူးဒေလီ` မှာ ရှိတယ်။ ဆရာ ရောက်ဖူးတယ်။ ကြုံလို့ မေးရအုံးမယ်။ `မဟတ္တမဂန္ဒီ` ရဲ့ ဖိနပ်တစ်ဖက်ဇာတ်လမ်းကို ဘယ်သူ ဖတ်ဖူးသလဲဟေ့"
ရှေ့ဆုံးမှ လူငယ်တစ်ယောက် လက်ညှိုးထောင်ပြီး မတ်တတ်ရပ်သည်။
"ကျွန်တော် ဖတ်ဖူးတယ် ခင်ဗျ"
"ဒါဆို အားလုံးသိအောင် လိုရင်းပြောပြကွာ"
"ဒီလိုဗျ၊ တစ်နေ့တော့ `မဟတ္တမဂန္ဒီ`က မီးရထားနဲ့ ခရီးသွားတယ်။ မီးရထားပေါ်အတက် ဖိနပ်တစ်ဖက် ကျွတ်ကျတယ်။ မီးရထားက ထွက်နေပြီ။ အဲဒီအခါ ကျန်တဲ့ဖိနပ်တစ်ဖက်ကို ချွတ်လိုက်တယ်။ ကျွတ်ကျကျန်ခဲ့တဲ့ ဖိနပ်အနီးကို ကျန်တဲ့ဖိနပ်တစ်ဖက် ပစ်ချလိုက်တယ်။ ရည်ရွယ်ချက်ကတော့ ကိုယ့်အတွက်လည်း ဖိနပ်တစ်ဖက်က အသုံးမဝင်၊ ကျွတ်ကျကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်ကို ကောက်ရမယ့်သူအတွက်လည်း အသုံးမဝင်။ ဒီတော့ ဖိနပ်ကောက်ရတဲ့သူ တစ်ရန်လုံး ရပါစေ ဆိုတဲ့ ဉာဏ်ဦးစီးတဲ့ စေတနာနဲ့ လုပ်ဆောင်လိုက်တာပါ။ ဆရာဖေမြင့်ရဲ့ `နှလုံးသားအာဟာရ` ဘာသာပြန် စာအုပ်လေးထဲမှာ ကျွန်တော် ဖတ်ဖူးတယ်"
"မင်းတော်တယ်။ မင်းနာမည် ဘယ်သူလဲ"
"ကျွန်တော့်နာမည် `မောင်မြအေး` ပါ ခင်ဗျ"
"ကဲ... ထိုင်နိုင်ပြီ။ ဟုတ်တယ်ကွာ၊ သိမ်မွေ့တဲ့ဆန္ဒကို အောင်နိုင်ဖို့ လက်နက်နဲ့ တည်ဆောက်ယူလို့မရဘူး။ မေတ္တာနဲ့သာ တည်ဆောက်ယူခြင်းဖြင့် ရနိုင်တယ်လို့ `မဟတ္တမဂန္ဒီ` က ခံယူတယ်။ သည်းခံခြင်း၊ မေတ္တာထားခြင်း၊ ကိုယ်ချင်းစာတရား ထားခြင်းတွေကို မေလျော့နေတဲ့ အုပ်ချုပ်သူ လူ့အဖွဲ့အစည်းကို အကြမ်းမဖက်တဲ့နည်းနဲ့သာ ထာဝရအောင်နိုင်တယ်လို့ `မဟတ္တမဂန္ဒီ` က ယုံကြည်တယ်။ သူဟာ လူသားကောင်းကျိုး၊ လောကကောင်းကျိုးကို သယ်ပိုးဖို့အတွက် ဗြဟ္မာ့ဘုံက ဆင်းသက်လာတဲ့ ကြီးမြတ်သောဝိညာဥ်တော်ဖြစ်တယ်။ ဒါကြောင့် `မဟတ္တမ` ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ရခြင်းပဲ"
ကျောင်းသူတစ်ဦးက ကျွန်တော့်ကို ပြုံးပြပြီး မတ်တတ်ရပ်လိုက်သည်။
"သမီးနာမည်းက `နီနီမင်းနိုင်` ပါ။ `မဟတ္တမဂန္ဒီ` က `လီယိုတော့စတွိုင်း` ရဲ့ စာပေတွေကို အလွန်မြတ်နိုးတယ်လို့ လေ့လာဖူးပါတယ်။ ဟုတ်ပါသလား ဆရာ"
"အေး... ဟုတ်တယ်။ `လီယိုတော့စတွိုင်း`ရဲ့ စာပေတွေက သူ့ဘဝကို အရမ်းလွှမ်းမိုးတယ်။ ဒါကြောင့် စာကောင်းဖတ်ရင် စိတ်ကောင်းရှိမယ်။ စိတ်ကောင်းရှိရင် လူကောင်းဖြစ်မယ်။ လူကောင်းဖြစ်မှ သမိုင်းလှမယ်။ ကိုယ့်သမိုင်းလှချင်ရင် စာကောင်းပေမွန်တွေ ဖတ်ကြ"
ကျွန်တော်က စာဖတ်ဖို့ တိုက်တွန်းလိုက်ပြန်သည််။
"ကျွန်တော့်နာမည် `မောင်ပြုံးချို` ပါ။ နားမလည်တာရှိလို့ မေးပါရစေ ဆရာ။ `မဟတ္တမဂန္ဒီ` က ဟိန္ဒူဘာသာဝင်တစ်ယောက်ဆို။ သူ့ကို ဟိန္ဒူဘာသာဝင် လူငယ်လေးကပဲ သတ်တယ်တဲ့။ အဲဒါ ဘာကြောင့်ပါလဲ ဆရာ"
"ဒီလိုကွ၊ `မဟတ္တမဂန္ဒီ` က ဟိန္ဒူနဲ့ မွတ်စလင် ညီညွတ်ရေးကို ကြိုးပမ်းခဲ့တဲ့သူ။ ဗြိတိသျှအင်္ဂလိပ်က သူတို့ရဲ့ထုံးစံအတိုင်း ဟိန္ဒူနဲ့ မွတ်စလင်ကို မသိမသာ ရန်တိုက်ပေးထားတယ်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် တို့နိုင်ငံလိုပဲ တွဲရေး၊ ခွဲရေးတွေ ဖြစ်လာတယ်။ `မဟတ္တမဂန္ဒီ` က ဟိန္ဒူနဲ့ မွတ်စလင်ကို ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် အတူတကွ ယှဥ်တွဲပြီး နေထိုင်စေလိုတဲ့ ဆန္ဒရှိတယ်။ အစဥ်မပြတ် ကြိုးပမ်းခဲ့တယ်။ ဒါကို ဟိန္ဒူလူငယ်တွေက မကြိုက်ကြဘူး။ မွတ်စလင် ဘာသာဝင်တွေဘက်ကို ဘက်လိုက်တယ်လို့ ထင်ကြတယ်။
ဒါကြောင့် ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ `ဂတ်ဆေး` ဆိုတဲ့ လူငယ်လေးက ခြောက်လုံးပြူးသေနတ်နဲ့ ပစ်သတ်တယ်။ သုံးချက် ပစ်ခံရတယ်။ သူ့အသက် (၇၈) နှစ်။ ၁၉၄၈၊ ဇန်နဝါရီလ (၃၀) ရက်နေ့မှာ သေဆုံးတယ်။ အလွန် ဝမ်းနည်းစရာကောင်းတယ်။ လူငယ်တွေကို တစ်ခု သတိပေးချင်တယ်။ ကိုယ့်အသိဉာဏ်တိမ်တိမ်လေးနဲ့ လောကကို မရှုမြင်ကြပါနဲ့ အန္တရာယ်ကြီးတယ်"
နားထောင်နေသူအားလုံး၏ မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များကို ကျွန်တော် တွေ့လိုက်ရသည်။
"ကဲ... ဟေ့၊ မျက်မှန်တစ်လက်၊ ဒိုတီ အဝတ်အစားတစ်စုံနဲ့ လူသားတွေအတွက် နှလုံးသားကို ပုံအပ်ခဲ့သူ။ မတရားတဲ့ ဥပဒေ၊ အမိန့်အာဏာတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ အနိုင်ရအောင် အစွမ်းဆောင်နိုင်ခဲ့တဲ့ မေတ္တာရှင်။ ကိုယ်ခန္ဓာ ပိန်သေးယိုင်နဲ့ပေမယ့် သတ္တိအရာမှာ မယိုင်နဲ့တဲ့ အကြောက်တရားကင်းသူ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး လွတ်မြောက်ရေးအတွက် အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့သူ။
အိန္ဒိယ ပြည်သူပြည်သားများအတွက်သာမက ကမ္ဘာ့ပြည်သူတစ်ရပ်လုံးကပါ ချစ်ခင်လေးစား ကြည်ညိုခြင်းခံရတဲ့ သူတော်စင်တစ်ပါး။ `အဟိံသ` နဲ့ မေတ္တာတရားကို လက်တွေ့ကျင့်ဆောင်ခဲ့တဲ့ အနှိုင်းမဲ့ ဖြူစင် မြင့်မြတ်သူ။ အဲဒီလို ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်တဲ့ `မဟတ္တမဂန္ဒီကြီး` ဟာ ဒီလို အောက်တိုဘာလ (၂) ရက်၊ ၁၈၆၉ မှာ မွေးတယ်။ ဒါ့ကြောင့် ဒီနေ့ဟာ သူ့ရဲ့ (၁၄၃) နှစ်မြောက် မွေးနေ့ပဲ။
သူဟာ ငါတို့၊ မင်းတို့ ကမ္ဘာသူ၊ ကမ္ဘာသား အားလုံးရဲ့ နှလုံးသားထဲမှာ ထာဝစဥ် ရှင်သန်နေမယ့် ဝိညာဥ်တော်ပဲ။ တိုက်တိုက်ဆိုင်ဆိုင် မင်းတို့နဲ့အတူ ဂုဏ်ပြုခွင့်ရလို့ ငါ့ကိုယ်ငါ ကျေနပ်တယ်။ မင်းတို့လဲ ထာဝစဥ် ရှင်သန်မယ့် ဝိညာဥ်တွေ ဖြစ်ပါစေ"
"ပေးတဲ့ဆုရအောင် ကြိုးစားပါ့မယ် ဆရာ"
"ကဲဟေ့၊ လူငယ်တို့ မှတ်ထားကြ။ ရဲရင့်နီစွေးတဲ့ နှင်းဆီပန်းပွင့်ကို မြင်ချင်ရင် နှင်းဆီဆူးတွေကို ရေလောင်းရဲရမယ်။ နှင်းဆီဆူးတွေကို ရေလောင်းဖို့ တွန့်ဆုတ်နေရင်တော့ ရဲရင့်တဲ့ နှင်းဆီပန်းတွေကို မြင်တွေ့ခွင့်ရမှာ မဟုတ်ဘူး။ နှင်းဆီဆူးတွေကို ကြောက်နေရင် နှင်းဆီရနံ့ကိုလည်း ရှုရှိုက်ခွင့် ဘယ်ရပါတော့မလဲ။ နှင်းဆီပန်းကို လိုချင်ရင် နှင်းဆီဆူးကို မကြောက်ကြနဲ့ဟေ့"
Crd#
No comments:
Post a Comment