ပုဂံဘုရားများ သမိုင်း
၁။ဓမ္မရံကြီးဘုရား သမိုင်း
ထီးနန်းရဖို့ ခမည်းတော်နဲ့နောင်တော်ကိုသတ်
အရက်စက်ဆုံး ဘုရင်ရယ်လို့ သမိုင်းတွင်တဲ့
နရသူ နဲ့ နရသူ၏ကောင်းမှုတော် ဓမ္မရံကြီးဘုရား
နရသူသည် ထီးနန်းရယူလို၍
ခမည်းတော် အလောင်းစည်သူမင်းကြီးအား
ရွှေဂူကြီးဘုရားအတွင်း ခေါင်းအုံးဖြင့်ဖိသတ်ခဲ့လေသည်။
အလောင်းစည်သူမင်းနတ်ရွာစံသော် နောင်တော် မင်းရှင်စောသည် မင်းပြုအံ့ဟုဆိုကာ ပုဂံပြည်သို့ချီလာလေသည်။ ထိုအခါ နရသူက ပံ့သကူမထေရ်မြတ်ကို လျှောက်လေသည်။'' အရှင်ဘုရား နောင်တော်မင်းရှင်စောသည် ခမည်းတော်မရှိသောအကြောင်းကို ကြားတော်မူလျှင် ရေအား၊ကြည်အား၊ ဖြင့်ချီလာတော်မူလေပြီ ကြာသော်ပြည်ထဲအရေး ဖြစ်လေပြီ၊
ကျွန်တော်မျိုးရှိသောကြောင့်ဓားတစ်စင်း၊မြင်းတစ်စီးဖြင့်သာ
ကြွတော်မူ၍ကျွန်တော်မျိုးကိုယ်တိုင်နောင်တော် ရောက်လျှင် နောင်တော့်ဓားကိုထမ်းပြီး နန်းတင်ပါမည်''ဟု
သစ္စာကြီးစွာပြုလေသည်။
ပံ့သကူမထေရ်မြတ်သည်
''ငါ ခေါ်၍ ရောက်သောအခါ မင်းမမြှောက်လျှင် ငါ အပြစ်ဖြစ်အံ့ ထို့ကြောင့် သင့်ကို ငါမယုံ'' ဟု မိန့်တော်မူခဲ့သော်လည်း နရသူ၏ သစ္စာ စကားကို ယုံပြီး မင်းရှင်စောကို ဖျောင်းဖြလေသည်။ မင်းရှင်စောလည်း မထေရ်မြတ်စကားကို ယုံပြီး ပံသကူမထေရ်မြတ်နှင့်အတူ နန်းတော်သို့လိုက်လေသည်။ လက်ပံဆိပ်သို့ရောက်လျှင် နရသူလည်း သစ္စာပြုသည့်အတိုင်း လှေသို့ဆင်း၍ နောင်တော်ဓားကိုထမ်းပြီး နန်းတင်လေသည်။
ဘိသိက်သွန်းပြီး ထိုညတွင် စားတော်၌ ဆေးခတ်သောကြောင့် မင်းရှင်စော အနိစ္စ ရောက်လေသည်။
မင်းရှင်စော အနိစ္စရောက်သော် နရသူ နန်းတက်လေသည်။နရသူ ဆေးခတ်၍ အနိစ္စ ရောက်ကြောင်း ပံသကူမထေရ်မြတ် ကြားလျှင် နန်းတော်သို့သွား၍ မင်းဆိုး၊မင်းညစ်၊ နင်ကား သံသရာ၀ယ် ခံရအံ့သောမကောင်းမူကိုမကြောက်၊
ဤစည်းစိမ်ကိုရလျှင် နင်၏ခန္ဓာကိုယ်သည်မအို၊မသေပြီဟူ၍
မှတ်သည်လော၊လောကတွင်နင့်ထက်ပျက်သော မင်းမည်သည်ကား မရှိ ဟူ၍ မိန့်တော်မူလေသည်။
နရသူလည်း '' အရှင်မြတ်တို့ထံ သစ္စာခံသည့်အတိုင်း နန်းတက်ပါသည် '' ဟုပြန်လည် လျှောက်တင်လေသည်။
ပံ့သကူမထေရ်မြတ်လည်း ''လူ့ပြည်တွင်
နင့်ထက် ဆိုးရွား ညစ်ညမ်းသော
သူ မရှိ ''ဟုမိန့်တော်မူပြီးသိန်းခိုကျွန်းသို့ကြွလေသည်။
နရသူသည်ရက်စက်ကြမ်းကြုတ်သောမင်း ဖြစ်လေသည်။
မှူးမတ်၊တို့အပေါင်းလည်း ကြောက်ရွံ့ကုန်လေသည်။
သန်စွမ်းသော ရဟန်းပျိုတို့ကို လူထွက်စေပြီး စစ်ထဲ၀င်ခိုင်းလေသည်။ အချို့သော ရဟန်းတို့လည်း ကြောက်ရွံသဖြင့် သိန်းခိုကျွန်းသို့
ကြွလေကုန်လေသည်။ နရသူသည် မင်းဖြစ်သွားပြီး နောက် ရက်စက် ကြမ်းကြုတ် စွာအုပ်ချုပ်ရင်း(1170)တွင် ကောင်းမူတော်ဖြစ်သော ဓမ္မရံကြီးကို တည်ခဲ့လေသည်။
သူတည်သော ဘုရားသည်ပုဂံတွင် အထုအထည်အကြီးမားဆုံး ဖြစ်စေခြင်သော ဆန္ဒဖြင့် နရသူကိုယ်တိုင် ကြပ်မတ်စစ်ဆေးသည် လူပေါင်းများစွာ၊ပန်းရံဆရာပေါင်း များစွာကိုစတေးပြီး
ဘုရားတည်ခဲ့လေသည်။ နရသူမင်းသည် အုတ်တချပ်နှင့်တချပ်ကြားအပ်နှင့်ထိုးကြည့်၍
အပ်တစ်ချောင်း အုတ်ထဲ၀င်လျှင် ထိုနေရာ တာ၀န်ယူသော ပန်းရံဆရာကို သတ်ပစ်လေသည်။တချို့ ကမူ ပန်းရံ ဆရာကိုခေါ်၍လက်ဖြတ်လေသည်ဟုဆိုသည် ပန်းရံဆရာတို့မည်မျှလက်ဖြတ်ခံခဲရသည်ကိုအောက်ခံကျောက်တုံးကသက်သေပြနေသည်ဟု ဆိုခဲ့ကြသော်လည်း ပညာရှင်များကမူ မျက်နှာပြင်ကြက်ခြေခတ်ပါ ကျောက်တုံးသည် ပန်းရံဆရာများကို လက်ဖြတ်သည့် ကျောက်တုံးမဟုတ်ဘဲ တံခါးတပ်ရာတွင် သံကွင်းအား ချုပ်ကာ နံရံအတွင်း မြှပ်ရန် တံခါးကွင်း ချုပ်ကျောက် သာဖြစ်သည်ဟုဆိုကြသည်။
ဘုရား၏အနောက်ဘက်တွင် ဖခင်အလောင်းစည်သူမင်းနှင့်အကိုမင်းရှင်စောတို့အား ထီးနန်းရယူလို၍သတ်ခဲ့ခြင်းအပေါ်နောင်တရ၍ မိမိအကုသိုလ်ကျေစေရန်ရည်ရွယ်ချက်လားမသိ ပလ္လင်တခုထဲပေါ်ဘုရားနှစ်ဆူယှဉ်၍ ပူဇော်ထားခဲ့ပါသည်။
အုတ်ညီမညီ ၊ အုတ်ကျက်မကျက်၊ အုတ်ကောင်းမကောင်း
အုတ်ကို အထူးအလေးထား ရွေးချယ်ရသဖြင့် လုပ်ငန်းခွင်ကြန့်ကြာမှုရှိလာပြီး အလုပ်တာ၀န် ပေါ့လျော့လျှင် အပြစ်ပေးခံသည့် အတွက် ပန်းရံဆရာ တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရသဖြင့် (၃) နှစ်ကြာသော်လည်း ဘုရားကြီးမပြီးနိုင်ဘဲရှိခဲ့လေသည်။
နရသူသည် ဖခင်အလောင်းစည်သူမင်းအား ဆက်သသည့် ပဋိက္ခရားမင်းသမီးကိုလည်း သိမ်းပိုက်ခဲ့လေသည်။နရသူသည် အခင်းကြီးသွားပြီး သန့်သက်ရေ မသုံးသဖြင့် ရွံရှာ၍
မင်းသမီးက မခစားသည့်အခါ ကွက်မျက်ခဲ့သည်။
ထိုအကြောင်းကိုပဋိက္ခရားမင်းသမီး၏ ခမည်းတော် မင်းကြီး ကြားသော် ကုလားသူရဲကောင်း ရှစ်ယောက် ကို ''ငါ့သမီးတော်ကို သတ်သောမင်း ရှိရာ ပုဏ္ဏားအယောင်အဆောင်၍ သွားပြီး
နင်တို့သတ်ချေ၊ ထိုမင်းသေလျှင် နင်တို့ ကိုယ်ကို သန်လျက်နှင့်ထိုး၍ သေကြလေ၊ နင်တို့ သား၊မယားတို့ကို သုံးစွဲမကုန်သော စည်းစိမ်ကို ပေးမည်" ဟု ဆိုပြီးလွှတ်၍ နရသူအား လုပ်ကြံစေသည်။ကုလားတို့သတ်၍လွန်လေသော် နောင်တွင် ကုလားကျမင်းဟု အမည်တွင်လေသည်။
ဓမ္မရံကြီးသည်မပြီးသေးခင်ပင် နရသူနတ်ရွာစံသဖြင့် ဆောက်လုပ်ဆဲဘုရားကြီးကို လည်း တန်းလန်းထားပစ်ခဲ့ပြီး ဘွဲ့တော်မမှည့်ရသေးဟု ဆိုသည်။ (ကုလားတို့လုပ်ကြံ၍ ဓါးမရံမိ၍သေသည်ကိုအစွဲပြု၍ ဓါးမရံမိသည်ကို နှောင်းလူတို့က ဓမ္မရံ ဟူ၍သော်လည်းကောင်း
ဓမ္မရံသီ ဆိုသော ပါဋ္ဌိစကားမှဆင်းသက်လာသည်ဟူ၍လည်းကောင်း
ဘုရား၏ အနောက်ဘက်အနီးတွင် ဓမ္မရံသီအရှင်သူမြတ်သီတင်းသုံးနေထိုင်သည်ကို အစွဲပြု၍လည်းကောင်း ) နှောင်းလူတို့လက်ထက်၌ ဓမ္မရံကြီးဘုရားဟုအမည်တွင်လေသည်။
ဓမ္မရံကြီးဘုရားတွင် ထူးထူးခြားခြား တခုကတော့
ဘုရားအတွင်းတွင်လှိုင်ပတ်လမ်းနှစ်လမ်းရှိသော်လည်း
အတွင်းလှိုင်ပတ်လမ်းကို အဘယ်ကြောင့်ပိတ်ခဲ့သနည်းဆိုသည်ကား ယနေ့အချိန်ထိ မည်သူမျှ မသိနိုင်ဘဲ
ရှိနေပါတော့သည် ။
၂။ #ထီးလိုမင်းလိုဘုရားသမိုင်း#
သက္ကရာဇ် ၅၅၀ ခုနှစ်တွင် နန်းတက်တော်မူသောနရပတိစည်သူမင်းကြီး၌ ဇေယျသူရ၊ ရာဇသူရ၊ အင်္ဂါသူပျံချီ၊ ဇေယျသိင်္ခဟူသော သားတော်ငါးပါးရှိသတည်း။ အခါတစ်ပါးသော် မင်းကြီး ၏လက်၌ခူနာပေါက်ခဲ့၏။ ဇေယျသိင်္ခ၏ မယ်တော်၊ မိဖုရားသည် မင်းကြီး၏ ခူနာရှိသောလက်ကို အနာမှသက်သာစေရန် ငုံ၍ထားခိုက် မင်းကြီးအိပ်ပျော်၍သွား၏။ ထိုအခါတွင် အနာမှပြည်သည် ပေါက်ခဲ့၏။ မိဖုရားသည် မင်းကြီးနိုးမည်စိုးသောကြောင့် ပြည်ကိုမျိုချလိုက်၏။ မင်းကြီးနိုးတော်မူသောအခါ အကြောင်းစုံကိုမိဖုရားကလျှောက်၏။ မင်းကြီးလည်းမိဖုရားအားကျေးဇူးတင်လှသဖြင့် အသင်မိဖုရားအသင်သည် ငါ့အားအလွန်တရာပင် ချစ်ခင်ကြင်နာပေ၏။ အသင်လိုရာဆုကိုတောင်းလေ၊ ငါသနားတော်မူမည်ဟုမိန့်တော်မူ၏။ မိဖုရားလည်းအရှင်မင်းကြီး ကျွန်ုပ်မှာရွှေ၊ ငွေ၊ စိန် ကျောက်နှင့်တကွ အချွေအရံတို့ ချီးမြှောက်တော်မူပြီးဖြစ်သဖြင့် မလိုတော့ပါ။ သားတော် ဇေယျ သိင်္ခကိုသာအိမ်တောင်စောင့်ပါစေဟုနားတော်လျှောက်၏။
မင်းကြီးကလည်းကတိအတိုင်းသားတော်ဇေယျသိင်္ခအားနန်းစောင့်ထားပေ၏။ သားတော်ကြီးလေးပါးကိုမူ မြို့စား၊ ရွာစားပေးသနားတော်မူ၏၊ မိဖုရားလည်းအခွင့်သာတိုင်းသားတော်ဇေယျသိင်္ခအားအိမ်ရှေ့ပေးရန် ပူဆာ၏။ သို့ မဟုတ် ခဏခဏနန်းကိုတောင်းလေသည်။ သို့ဖြစ်၍ နောက်၌ (နန်းတောင်းများမင်း) ဟုတွင်လေ ၏။ ဇေယျသိင်္ခအားနောင်တော်လေးပါးကလည်းချစ်ခင်ကြင်နာကြပေ၏။ ဇေယျသိင်္ခကလည်းနေ့စဉ် နောင်တော်များထံ ၀တ်ပြုခစားရန်သွား၏။ ကာလကြာသော် နောင်တော်လေးပါးက = ညီမောင် ညီမောင်သည် နောင်တော်တို့ထံ ၀တ်ပြုရန်လာလော့ဟုပြောကြသဖြင့် = ဇေယျသိင်္ခလည်းနောင်တော်တို့၏ သဘောအတိုင်းပြုပေ၏။
မင်းလေးပါးစုရုံးရာဖြစ်သောကြောင့် (ရုံး) ဟူသောအမည်သည် ၎င်း - နောင်တော်တို့ကိုပူဇော်ရာဌာနဖြစ်သောကြောင့် (လွှတ်) ဟူသောအမည်သည် ၎င်း၊ ထိုကာလမှစ၍ ယခုတိုင်တွင် သည်ဟုပညာရှိတို့ ရေးသားပြောဆိုကြ၏။
အခါတစ်ပါးသော် နရပတိစည်သူမင်းကြီးသည်၊ သားတော် (၅) ပါးတို့ ဝိုင်း၀န်းနေစေ၍ အလယ်၌ထီးဖြူတစ်ခုကိုစိုက်ကာလက်ဖြင့်ကိုင်လျှက်ပြောဆိုသည်မှာ - ငါလွှတ်လိုက်သောထီး ဖြူသည် အကြင်မင်းသားဘက်သို့ညွှတ်၏။ ထိုမင်းသားသည် နန်းလျာဖြစ်စေရမည် ကျန်မင်းသားများကလည်းကူညီစောင့်ရှောက်ရမည်ဟုမိန့်တော်မူ၏။ မင်းသား (၅) ပါးတို့ ကြိုက်ညီကြသတည်း။ မင်းကြီးသည် အကြင်သူသည် မင်းဖြစ်ထိုက်၏။ ထိုသူ၏ထံသို့ ထီးဖြူညွှတ်စေသတည်းဟုသစ္စာအဓိဋ္ဌာန်ပြုကာလက်မှ ထီးဖြူတော်ကိုလွှတ်တော်မူရာဇေယျသိင်္ခ၏ဘက်သို့ ထီးဖြူညွတ် သတည်း၊ နောင်တော်လေးပါးလည်းညီတော်အားချစ်ရင်းစွဲရှိသဖြင့် ၀မ်းသာအားရဖြစ်တော်မူကြ ကုန်၏။ မင်းကြီးကလည်းဇေယျသိင်္ခအားထီးညွတ်စေလို၏။ ထီးကလည်းညွှတ်ပြန်၏။ ထိုသို့ သောအကြောင်းကြောင့် (ထီးလိုမင်းလို) ဟုတွင်သတည်း။
ဇေယျသိင်္ခမင်းသားသည် = နရပတိစည်သူမင်းကြီးနတ်ရွာစံသော် သက္ကရာဇ် ၅၇၅ ခုတွင် မင်းအဖြစ်ကိုရ၍ သက္ကရာဇ် ၅၈၆ ခုတွင် ထီး ဖြူစိုက်၍ လဲရာအရပ်၌ကောင်းမှုတော် ထီးလိုမင်းလိုစေတီကိုတည်တော်မူသတည်း။
ထီးလိုမင်းလိုဘုရားဘွဲ့
နရပတိစည်သူမင်းတစ်ဆူ = သားမူငါးပါးနှင့်။
ရိမဒ်ပြည်ကြီးဖွင့်စည်တီးမငြီးဆယ်အကျင့်။
မင်းဖြစ်ထိုက်စွ ထီးညွတ်ခ မြွက်ဟဆုပန်ဆင့်။
သားတော်များ၀ယ် ရှေ့အလယ် - စိုက်တယ်ထီးဖြူဖွင့်။
ဇေယျသိင်္ခရှေ့ ထီးဖြူတွေ့ = ညွှတ်ကွေ့အဆင်သင့်။
ထီးကလည်းလိုမင်းလည်းလို = ထီးလိုမင်းလိုဘုရင်။
ထီးညွှတ်နေရပ် ဂူထွဋ်မြတ် - မွေဓာတ်စံပါယ်တင့်။
ထီးလိုမင်းလိုဂူဗုဒ္ဓို = ဆည်းခိုများဖြင်ဖြင့်။
ဥပါဠိသိမ်
ဥပါဠိမထေရ် သမုတ်သော (သိမ်) ဖြစ်သောကြောင့် ဥပါဠိသိမ်ဟုတွင်သည်။ ထိုမထေရ်သည် နန်းတောင်းများမင်းလက်ထက်မှ ကျစွာမင်းလက်ထက်ထိမင်းနှစ်ဆက်မှီသောဟူ၏။ ထိုဥပါဠိသိမ် တည်နေရာအရပ်ကိုယခုအခါ ဥပါဠိချောက်ဟူ၍ အစဉ်အလာခေါ်ကြ၏။
ဒုတိယအင်းဝခေတ် အစလောက်ဖြစ်သော = သက္ကရာဇ် ၁၉၇၇ = ခုနှစ်၊ အင်း၀ မြို့၏ အနောက်ဘက်လွန် မင်းတရားနန်းစံကိုးနှစ်မြောက်တွင် မဟာဝိဇိတာဝီ မည်သောဘုန်းတော်ကြီးသည် တိသာသနာင်္ကုရဟူ၍၎င်း၊ ခေမင်္ဂ၀ရသီလဟူ၍၎င်း အမည်ဖြင့် ကျော်စောလေသည်။ ထိုဘုန်းတော်ကြီးသည် ပုဂံမြို့ အလောင်းစည်သူမင်းထိုးမှတ်သော - ရွှေဂူကြီးဘုရားကျောက်စာဂါထာ (၁၀၀) ကို = မြန်မာဘာသာနိဿယ ပြန်ဆိုသည်။ ကစ္စာယန ၀ဏ္ဏကျမ်းကိုစီရင်ကြောင်းနှင့် ပိဋကတ်သုံးပုံ စာတမ်းမှာ ဆိုသည်။
ထိုသိမ်ထဲတွင် အင်းဝခေတ် ပန်းချီကားများ လှပဆန်းကြယ်စွာ ရေးသားခြယ် လယ်ထားသည်။ ထိုပန်းချီဆေးရေးကို အစိမ်း၊ အနီ၊ အဖြူ ဆေးရောင်တို့ဖြင့် ဖက်စပ်ခြယ် လှယ်ထားသဖြင့် အသွေး၊ အရောင် တောက်ပြောင်လှပေသည်။ နံရံလေးဘက်နှင့် အမိုး မျက်နှာကြက်ပေါ်တွင် အခြားဆေးရေးများကဲ့သို့ ဇာတ်နိပါတ်များမဟုတ်ဘဲ ဘုရား လောင်းများ တောထွက်ခန်း၊ ဘုရားအဆူဆူတို့ ဗောဓိပင်နှင့်တကွ ပွင့်တော်မူပုံနှင့် အနော် ရထာမင်း သိမ်သမုတ်ပုံအခန်းတို့ကို မြန်မာဘာသာ ကမ္ဗည်းစာတမ်းများဖြင့် ရေးသားခြယ် လှယ်ထားလျက် ရှိသည်။ အင်းဝခေတ်ဆေးရေးဖြစ်သဖြင့် ထိုခေတ်ရှိ မင်း၊ မိဖုရား စသော တိုင်းသူပြည်သားတို့ ဆင်ယင်ထုံးဖွဲ့မှုကိုလည်း ယခုခေတ် လူတို့နှင့် မည်မျှလောက်ကွာ ခြားကြသည်ကို မှန်းဆနိုင်လေသည်။
သိမ်၊ အဆောက်အအုံကို ပြင်ဘက်မှနေကြည့်သော် အုတ်ဖြင့်ပြုလုပ်ထားသော ပန်းတောင်၊ ပန်းခက်များသည် အသားဖြင့် ပြုလုပ်ထားသောအသွင်ကို ဆောင်လျက်ရှိ၏။ အတွင်းဘက်နံရံတစ်ဘက်တွင် အုတ်ရိုးဆင်းတုကြီးတစ်ဆူကို ပလ္လင်မြင့်ပေါ်တွင် ဖူးမျှော် နိုင်သောထင်ရှားကျော်စောလှသောရှေးဟောင်းသိမ် တသိမ်ဖြစ်ပေသတည်း။
(လမ်းညွှန်) ဥပါဠိသိမ်သည် ပုဂံနှင့် ညောင်ဥိးကြား၊ ထီးလိုမင်းလိုဘုရားကြီးအနောက်မြောက်ဘက်၊ ပေလမ်း၏ မြောက်ပါးကပ်လျက် တည်ရှိသည်။
(ပုံဂံမြို့ရှိထင်ရှားကြီးကျယ်သော ဘုရားကြီး (၂၇)ဆူ၏ သမိုင်းစာအုပ်)
၃။စူဠာမဏိ
(သို့မဟုတ်)
ဘုရင်နှင့်ပြည်သူ ကြည်ဖြူသည့်ဘုရား
နရပတိစည်သူမင်းကြီးသည် စူဠာမဏိစေတီကို ခရစ်နှစ် ၁၁၈၃-ခုနှစ်တွင်တည်ခဲ့လေသည်။ ထို့ကြောင့် ဘုရားသက်တမ်းသည် ယခုဆိုလျှင် ၈၃၅-နှစ် ရှိသွားပြီ ဖြစ်သည်။ ထေရ်ကြီးဝါကြီး စေတီကြီး တစ်ဆူ ဖြစ်သောကြောင့် သမိုင်းတန်ဖိုး ဖြတ်လို့ မရပါ။
ထိုဘုရား၏ အစပိုင်းနိဒါန်းမှာ ဘုရင်နှင့် ဘုရင့်ဆရာ (ဘုန်းကြီး) ပြဿနာ အကြီးအကျယ် ပြဿနာ ဖြစ်သွား၏။ ထိုပြဿနာကြောင့် ပြည်သူတို့ ထိတ်ထိတ်လန့်လန့် ဖြစ်သွားရသေး၏။
သို့သော် ဇာတ်ပေါင်းသောအခါ ဘုရင်ကြီးက သူ့အမှားကို တောင်းပန်၊ ဘုရင့်ဆရာ ဘုန်းကြီးက ခွင့်လွှတ်၊ ပြည်သူကလည်း ကျေနပ်၊ ဘုရားကြီးလည်း ငြိမ်းချမ်းစွာ ပြီးစီးသွားလေသည်။
ဇာတ်သိမ်းခန်း လှပဖို့ အရေးကြီးသည် မဟုတ်ပါလော။
ထိုစူဠာမဏိ၏ ဖွစျစဉျ အတ်ထုပ်ပတ်တိကား
-------------------
ဘုရင်ကြီးသည် တုရင်တောင်မှ အပြန်ခရီးတွင် ချောက်ကြီးတစ်ခု၌ ပတ္တမြားရောင်ကဲ့သို့ အလွန်တောက်ပသည့် အရောင်ဆင်းကို တွေ့မြင်ရလေသည်။ ထို့နောက် ၀န်ကြီးအမတ်ကြီးများနှင့် တိုင်ပင်ကာ ထိုနေရာမှာ ဘုရားတည်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ဘုရားတည်မည့်နေရာကား ချောက်ကြီး ဖြစ်နေသဖြင့် မင်းအာဏာအသုံးပြု၍ ပြည်သူများအား မြေဖို့ခိုင်းလေသည်။ ပြည်သူအများစု ငြီးငြူကြလေ၏။
``ဘုန်းကြီးဆိုတာ ပြည်သူ့မျက်နှာကို ကြည့်ကြ´´
-------------------
ပြည်သူ၏ဒုက္ခကို မကြည့်ရက်သော ပံ့သုကူဆရာတော်ကြီးက မင်းဆရာဖြစ်သည်အားလျော်စွာ ဘုရင်ထံ သွား၍ ထိုလုပ်ရပ်ကို တားမြစ်လေသည်။
ဆရာတော်ကြီးသည် မင်းဆရာဆိုသော်လည်း မင်းအလို မလိုက်ပါ။ မှားနေရင် မှားကြောင်း ပြောရဲရမည်။ ထို့ကြောင့် ဆရာတော်ကြီးသည် ဘုရင့်ကို ရဲရဲဝံ့ဝံ့ မိန့်ကြားလိုက်လေသည်။
``မင်းကြီး ဘုရားတည်ခြင်းဟာ ကောင်းမှုမှန်သော်လည်း ပြည်သူတွေကို အတင်းခိုင်းစေသည့်အတွက် ကောင်းမှု မဖြစ်၊ မကောင်းမှုပဲ ဖြစ်နေတယ်´´ဟူ၏။ ဆိုလိုသည်ကား ``မင်းကြီး ပြည်သူကို ဒုက္ခပေးပြီး ဘုရား မတည်ပါနဲ့´´ဟူသည်ပင်တည်း။
``မင်းဆရာ သပိတ်မှောက်ပြီ´´
-----------------
ဆရာတော်ကြီးက တားမြစ်သော်လည်း ဘုရင်ကြီးသည် ဆရာတော်၏သြ၀ါဒကို လက်မခံပေ။ သို့နှင့် ဆရာတော်ကြီးကား ပြတ်ပြတ်သားသား မိန့်လိုက်လေသည်။
``မင်းကြီးလှူတဲ့ဆွမ်းကို ငါ လက်မခံတော့´´။
ဘုရင်ကြီးကလည်း ပြန်၍ လျှောက်ထားလိုက်၏။ ``တပည့်တော်ဆွမ်းကို လက်မခံလျှင် တပည့်တော်တိုင်းပြည် မနေနဲ့ပေါ့ဘုရား၊ ပြည်သူက လှူတဲ့ဆွမ်းဆိုတာလဲ တပည့်တော်ရဲ့ဆွမ်းမဟုတ်လား´´တဲ့။
ဆရာတော်ကြီးကလည်း ``ရပါတယ်ကွယ်၊ တနေရာသွားမယ်´´ဟု မိန့်ကြားပြီး သီရိလင်္ကာနိုင်ငံသို့ သွားဖို့ စီစဉ်၏။
ထိုသတင်းကြားသောအခါ ပြည်သူအများ စိတ်သောက ဖြစ်ကြလေသည်။ ``ပြည်တင်းတော့ မင်းမခံနိုင်´´ ဆိုသကဲ့သို့ ဘုရင်ကြီးလည်း အမတ်ကြီးတုရင်္ဂကို ပင့်ခိုင်းလေတော့သည်။
``ဘုရင်ကြီး တောင်းပန်ပြီ´´
---------------
ဆရာတော်ကြီး ရွှေနန်းတော်သို့ ကြွတော်မူသောအခါ ဘုရင်ကြီးက ဆရာတော်ကြီး၏ လက်တော်ကို မ၍ ရွှေနန်းတော်သို့ ပင့်ဆောင်လေသည်။
ထို့နောက် ဆွမ်းကပ်ပြီး ဘုရင်ကြီးက ``တပည့်တော်ရဲ့ အပြစ်ကို တောင်းပန်ပါတယ်ဘုရား၊ ယနေ့မှ စ၍ အရှင်ဘုရားရဲ့ အဆုံးအမကို ခံယူပါတော့မည်ဘုရား´´ဟူ၍ လျှောက်ထားလေသည်။
ဆရာတော်ကြီးကလည်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်၍ ဆရာ ဒကာ လက်တွဲပြီး ပုဂံသာသနာကို ဆက်လက်ပြုတော်မူကြသည်။
``ဘုရင်နှင့်ပြည်သူ ကြည်ဖြူသည့် ဘုရား´´
-------------------
ထို့နောက် ဘုရင်ကြီးသည် ဘုရားတည်ဖို့အတွက် ပြည်သူကိုလည်း မင်းအာဏာဖြင့် မခိုင်းတော့ပေ။ မင်း၀န်ထမ်းတို့ဖြင့်သာ ဆောင်ရွက်လေသည်။ ပြည်သူကလည်း လုပ်အားဒါန၊ ပစ္စည်းဒါနတို့ဖြင့် တတ်စွမ်းသမျှ ကူညီကြ၏။
ဘုန်းကြီးနှင့် ဘုရင်၊ ဘုရင်နှင့် ပြည်သူ ကြည်ဖြူစွာ လက်တွဲလိုက်သည့်အတွက် ဘုရားကြီးလည်း ပြီးစီးသွားလေသည်။ ထိုဘုရားကို ``စူဠာမဏိဘုရား´´ဟု ကမ္ဗည်း ထိုးလိုက်လေတော့သည်။
credit သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
၄။ကန်တော့ပလ္လင် ဘုရားသမိုင်း
=================
သက္ကရာဇ် ၅၆၅ ခုနှစ် ကန်တော့ပလ္လင် စေတီတော်ကို နရပတိစည်သူမင်းကြီး တည်ထား ကိုးကွယ်တော်မူ၏။ ထိုစေတီမပြီးမှီ မင်းကြီးနတ်ရွာစံတော်မူ၏။ သားတော် ဇေယျသိင်္ခ နန်းတောင်း များမင်းသည်၊ သက္ကရာဇ် ၅၈၈ ခုနှစ်ထပ်မံတည်လုပ်တော်မူရာ အပြီးသို့ရောက်၏။ (ညှပ်ကြီး)
ထိုစေတီတော်ကား ကန်တော့ပလ္လင် ဘုရားဟုတွင်၏။
အလောင်းစည်သူမင်းကြီး၏လက် ထက်တွင် တရားမမှန်သူကို ညှပ်၍ တရားမှန်သူကို လှပ်သော ပလ္လင်ထားသော တရားစီရင်သော ညှပ်ကြီးတစ်ခု တည်ရှိ၏။ အခါတစ်ပါး၀ယ် သီလရှင်သည် ဖိုးသူတော်အား ရွှေလက်စွပ်အပ်နှံရာမှ အငြင်းပွားသော အမှုသည်ဖြစ်၏။ ဖိုးသူတော်သည် ပြန်ပေးပါပြီဟု ဆို၏။ သီလရှင် လည်း မရပါဟုဆို၏။ ညှပ်ကြီးထံ တရားအစီရင်ခံကြ၏။ သီလရှင်သည် သစ္စာဆို၍ လက်ကို ညှပ် သို့သွင်းရာ မညှပ်ဘဲရှိ၏။ ဖိုးသူတော်လည်း ရွှေလက်စွပ်ကို တောင်ဝှေးတွင်ဝှက်၍ သီလရှင် အား တောင်ဝှေးကိုပေးပြီး သစ္စာဆို၍ လက်ကိုညှပ်သို့သွင်းရာ ညှပ်ကြီးလည်းမညှပ်ဘဲ ကွယ်ပျောက်လေ ၏။ ကန်တော့ပလ္လင် ဘုရားသည် ညှပ်ကြီးထားရာ တရားပလ္လင်နေရာတည်ထားသည်ဟု ဆိုစမှတ် ပြုကြ၏။
(ဂေါဓ x ဂေါဓိ)
ထို ညှပ်ကြီးပျောက်ကွယ်သွားပြီးနောက်
ထိုပလ္လင်ဂေါဓ + ရွှေလက်စွပ်ကိုဂေါဓီအမည်ရှိသော ဘီလူး နှစ်ယောက်တို့ စောင့်လာကုန်၏။ တရားမမှန်သောသူကို တင်းပုတ်ဖြင့် ထုသောဟူ၏။ ထိုအခါ ဂေါဓပလင်ဘုရားဟု တွင်ပြန်၏။
အလောင်းစည်သူမင်းကြီးသည်
ဘေးတော်၊ ဘိုးတော်တို့ကားး ငါကဲ့သို့ ဘုန်းမကြီးလေဟု ပြစ်မှားပြောဆိုတော်မူမိသောကြောင့် မျက်စိကွယ်လွန်တော်မူ၏။ ပညာရှိတို့နှင့်တိုင်ပင်၍ ဘေး တော်၊ ဘိုးတော်တို့၏ အရုပ်ထုလုပ်၍ ရှိခိုးကန်တော့သောအခါ မျက်စိအလင်းသို့ရလေ၏။
ထို ကန် တော့ရာအရပ်ဘုရားတည်သောကြောင့် ကန်တော့ပလ္လင်ဘုရားဟူ၍လည်း ဆိုစမှတ်ပြုကြ၏။
ထို ဘုရား၏ မြောက်ဘက်တွင် မျက်စိအလင်းရရာနေရာဖြစ်သောကြောင့် ဘုရားတစ်ဆူ တည်ထားကိုး ကွယ်တော်မူ၏။ ထိုဘုရားကို ရှင်ပင်ပွင့်လင်းဘုရားဟုတွင်၏။ ယခုတိုင်ရှိ၏။
ထို့ပြင် စူဠာမုနိဘုရားတည်ရာ ပံ့သုကူမထေရ်နှင့် စိတ်၀မ်းကွဲပြား၍ မထေရ်သည် သီဟိုဠ် ကျွန်းသို့ ကြွမည်ရှိ၏။ ထိုအခါ မင်းကြီးသည် မထေရ်အားပင့်စေ၍ ပြစ်မှားမိသမျှကို ၀န်ချကန်တော့ လေ၏။
ထိုကန်တော့ရာအရပ်ဘုရားတည်သောကြောင့် ကန်တော့ပလ္လင် ဘုရားဟုလည်း ခေါ်ကြ ပြန်၏။ သို့ဖြစ်၍ ညှပ်ကြီးအကြောင်းမှတစ်ပါး ကျန်အကြောင်းသုံးပါးသည် ယုတ္တိတန်သည်ဟု ပညာ ရှိတို့ ဆိုကြကုန်၏။ ထိုဘုရားကို (ဂေါဓပလ္လင်ဘုရား) (ဂေါဓေါပလ္လင်ဘုရား) (ကန်တော့ပလ္လင် ဘုရား) ဟူ၍ အမျိုးမျိုးခေါ်ကြ၏။
ကန်တော့ပလ္လင်ဘုရားဘွဲ့
မမှန်းယွင်းမှား၊ ဆိုတရား၊ ညှပ်ကြားထက်ပလ္လင်၊ ဖြတ်စီရင်။
ညှပ်ကြီးကွယ်ပျောက်၊ ဘီလူးရောက်၊ စောင့်ရှောက်ပလ္လင် တရားခွင်။
ရွှေချက်တော်ရှည်၊ လက်အုပ်ချီ၊ ဘိုး၊ ဘီ၊ ဘေး၊ ဘင် နေရာပလ္လင်။
စည်သူ နရပတိ၊ ကိုးကွယ်ဘိ၊ မုနိထွဋ်တင်၊ ခြောက်ရောင်ရှင်။
ဂေါဓ၊ ဂေါဓေါ့ မလ္လင်မော့၊ ကန်တော့ပလ္လင်၊ သုံးမည်တွင်။
ဘွဲ့တော်သုံးပန်း၊ မြတ်ဘုရား၊ အများလူရှင်၊ ဦးညွှတ်တင်။
၅။ပုဂံ ရွှေစည်းခုံစေတီတော် ဘုရားသမိုင်းနှင့်
အတွင်းအံ့ဖွယ် အပြင်အံ့ဖွယ် (၉) ပါး
ပုဂံပြည့်ရှင် အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမဝိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။
ပထမ ဝိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ့ ရတနာပြဿ ဒ်တွင် ကိန်း၀ပ်စေပြီး ပူဇော် ၀တ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော ရှင်အရဟံမထေရ်က သတ္တဝါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဥာဏ်ပေးခဲ့သည်။
အနော်ရထာမင်းလည်း ရှင်အရဟံမထေရ်၏ အကြံဥာဏ်မှာ အလွန်လျော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။ မင်းကြီးသည် စွယ်တော် ကိန်း၀ပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုယ်ပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။
ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ၀ပ်လေသည်။ ဆင်ဖြူတော် ၀ပ်ရာ သဲစည်းခုံတွင် စွယ်တော် မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ပြည်မှ ရသော မြဆင်းတုတော်တစ်ဆူ နှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။
ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက် တွင်ပင် အနော်ရထားမင်း နတ်ရွာစံ ခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာခဲ့လေသည်။
====================
#အံ့ဖွယ် (၉) ပါး
ရွှေစည်းခုံစေတီသည်
အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါး နှင့်ပြည့်စုံသည်ဟု ယုံကြည်ကြသည်။
#အတွင်းအံ့ဘွယ်ကိုးပါး မှာ
၁။ ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊
၂။ စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။
၃။ စေတီ၏ထိပ်မှ ရွှေစက္ကူ ပစ်ချလျှင် အပြင်သို့မရောက်ခြင်း။
၄။ စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။
၅။ တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။
၆။ အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း။
၇။ စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။
၈။ မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။
၉။ စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ဖြစ်သည်။
ရှေးယခင်မှယနေ့တိုင် အစဉ်အဆက် မှတ်ခဲ့ကြသည်မှာ –
တန်ခိုးမှာ ရွှေစည်းခုံ၊
အနုမှာ အာနန္ဒာ၊
ထုမှာ ဓမ္မရံ၊
အမြင့်မှာ သဗ္ဗေညု ဟူ၍ ဖြစ်သည်။
======================
#အပြင်အံ့ဘွယ်ကိုးပါး
၁။ ဧရာ၀တီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူ တော်၀ပ်သည့်နေရာတွင် သောင်ဖြစ်လာခြင်း။
၂။ ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။
၃။ ဧရာ၀တီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။
၄။ မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်၀န်းခြင်း။
၅။ စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။
၆။ ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း။
၇။ ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။
၈။ ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။
၉။ စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။
၆။ *ဗူးဘုရား သမိုင်း*
~~~~~~~~~
ဗူးဘုရားကို ခရစ်(၃) ရာစုတွင် ပျူစောထီမင်း တည်ခဲ့သည်။ ပျူစောထီး သည် ပုဂံတွင် ဒုက္ခ ပေးနေသော ကျား၊ ၀က်၊ ငှက်၊ ဗူး၊ ရှူးပျံ ရန်သူငါးပါးကို နှိမ်နင်း ပေးသဖြင့် သမုဒ္ဒရာဇ်မင်း (အေဒီ ၁၀၇-၁၅၂)က သမီးနှင့် လက်ဆက်စေပြီး အိမ်ရှေ့မင်း အဖြစ် ခန့်အပ်ခဲ့သည်။ ပျူစောထီး ပုဂံတွင် ထီးနန်းဆက်ခံ ပြီးနောက် ဗူးပင်များကို ရှင်းလင်းခဲ့ရာ အရပ်၌ ဗူးသီးပုံ သဏ္ဍာန် စေတီတည်ခဲ့သည်။
ဗူးဘုရား၏ ပုံသဏ္ဍာန်မှာ သရေခေတ္တရာ ကဲ့သို့ ထုလုံးရှည် ဓာတ်တော်ကြုတ် ပုံမျိုးဖြစ်သည်။ ဗူးဘုရား၏ အပေါ်ပိုင်းတွင် အုတ်ခုံ အဝုိင်းခံ၍ တည်ဆောက် ထားပြီး ဘုရားအား မြစ်ရေ တိုက်စားခြင်းမှ ကာကွယ်ရန် စိန်တောင်ပတ်လမ်း အဆင့်အဆင့် ပြုလုပ် ထားသည်။
ဗူးဘုရားသည် ဧရာ၀တီ မြစ်ကမ်းတွင် တည်ထားသည့် အတွက် မြစ်ရေ တိုက်စားမှုဒဏ်ကို ခံခဲ့ရ သည် ၁၉၇၅ ပုဂံငလျင်ဒဏ် ကြောင့် စေတီတစ်ခုလုံး ဧရာ၀တီ မြစ်အတွင်း ပြိုကျ ခဲ့သည်။ ယခုဖူးတွေ့ရသော ဗူးဘုရား သည် ၁၉၇၆-၇၈ ခုနှစ် အတွင်း အသစ်ပြန်လည် တည်ထား ကိုးကွယ်သည့် ဘုရားဖြစ်သည်။
credit (T.A.K)
၇။ပျူစောထီးမင်း နှင့် ငှက်ပစ်တောင်ဘုရား သမိုင်း
( ၁၆၇ - ၂၄၂ )
ဘုန်းလက်ရုံးအခြွေအရံ အသာလွန်ဆုံးသော မင်း
( သို့ ) ပုဂံခေတ် သက်တော်အရှည်ဆုံး မင်းတစ်ပါး
( သို့ ) တတိယမြောက် ပုဂံဧကရာဇ်
ပျူစောထီးကို ပျူအိုတို့မွေး၍ ကြီးသောကြောင့်
ပျူမင်းထီးဟု အမည်တွင်လေသည်။ ရှေးသရောအခါ
ပုဂံပြည်တွင် သမုဒ္ဒရာဇ်မင်း လက်ထက်၌ ငှက်ကြီး ၊
ဝက်ကြီး ၊ ကျားကြီး၊ ရှူးပျံ တို့သည် ပြည်ရွာကို
နှောက်ယှက် မင်းမူနေကြ၏။ ထိုရန်သူတို့ကို
စွမ်းအားသတ္တိနှင့် ပြည့်စုံသော ပျူစောထီးက ဖြိုဖျက်
လိုက်လေသည်။ (သမုဒ္ဒရာဇ်မင်းမှာ သာသနာ ၆၇၁
မှ ၆၉၆ ခုအထိ အုပ်စိုးသည် ဆိုသည်) ပျူစောထီးမင်းကား အထက် တကောင်းမင်းမျိုး ၊
သတိုး အာဒိစ္စရာဇာ မည်သော မင်း၏သားတည်း။ ပြည်ရွာမငြိမ်သက်ဖြစ်သဖြင့် ပြေးပုန်းရှောင်လွဲနေရာမှ ပုဂံပြည်ဆီသို့ ရောက်ရှိ၊ ပုဂံအနီး မြေခဲတွင်း ရွာနေ ပျူအိုလင်မယားထံတွင် မှီခိုနေလေ၏။
ပျူအိုလင်မယား ကလည်း သားသမီး မရှိသည်နှင့် သားအရင်းကဲ့သို့ မွေးကျွေးထား၏။ ပျူစောထီးသည် လေးအတတ်ကို ခုနစ်နှစ်သားလောက်ကပင် တတ်မြောက်ခဲ့၏။ ယခု ၁၆ နှစ်သား အရွယ်၌ကား အလွန်အကျူး အထူးတတ်မြောက်လေသည်။ တစ်ခါသော် ပျူစောထီးသည် မိမိ၏ လေးမြားကို စမ်းလို၍ တောသို့လှည့်ပတ်အံ့ဟု ပျူအိုလင်မယားထံ၌ ခွင့်တောင်းလေရာ ၎င်းတို့ကလည်း ချစ်ခင်စိုးရိမ်စွာဖြင့် ဤသို့ ဆိုကြ၏။
" ချစ်သား ပုဂံပြည်တွင် အရှေ့မျက်နှာအရပ်၌
အလွန် အားအင်ကြီးသော ဝက်ကြီး တစ်ကောင်သည်
အရံဝက်များနှင့် ပြည်ရွာတွင်းသို့ ဝင်ရောက်ကာ
လူတို့ စိုက်ပျိုးထားသော အသီးအနှံ စပါးဆန်တို့
ကို တူးဆွဖျက်ဆီး စားသောက် နှောက်ယှက်၏။
လူတို့ကိုလည်း ရန်မူ၏။ မင်းကြီး မနိုင်နိုင်၍ ထမင်း ၊
ဖရုံသီး ၊ ဖွဲနုတို့ကို ထိုဝက်ကြီးတို့အား နေ့တိုင်း
ပေးရ ကျွေးရ၏။ "
" အနောက်မျက်နှာ၌ အလွန်ကြီးမားသော ငှက်ကြီး
တစ်ကောင်သည် အရံငှက်များနှင့် အလွန် သောင်း
ကျန်းနေ၏။ တစ်ခါတစ်ရံ လူများကိုပင် ထိုးသုတ်
ပေါက်သတ် စားလေသည်။ ဤငှက်ကြီးကိုလည်း
မင်းကြီးမနိုင်၍ အစားအစာ ပေး၍ ကျွေးနေရ၏။ "
" တောင်မျက်နှာ၌ ကျားကြီးတစ်ကောင်သည် အရံ
ကျားများနှင့် အစဉ်မပြတ်လိုပင် ပြည်ရွာတွင်းသို့ ဝင်
၍ လူသူ ကျွဲနွားတို့ကို ကိုက်ယူ စားသောက်လေ
သည်။ ဤရန်သူကိုလည်း မင်းကြီးမနိုင်လေ။ "
" မြောက်မျက်နှာ၌ ရှူးပျံတို့သည် လူတို့၏ အဝတ်
အစား ၊ အသုံးအဆောင် ၊ အိမ်မိုးသက်ငယ်မှ မကျန်
တွေ့သမျှကို ကိုက်ဖဲ့ ဖျက်ဆီးတတ်၏။ "
" ဤရန်သူကြီး လေးဦးအပြင် အနှောင့်အယှက်
တစ်ခုရှိသေး၏။ ငါတို့ပုဂံပြည် တစ်ဝန်း၌ ဘူးခါးပင်
တို့သည် ဖျက်ဆီး၍ မနိုင်အောင် ပေါက်၏။ အနွယ်
အတက်တို့မှာ အလွန်လျင်မြန်စွာ ပွား၏။ တစ်ပင်
တစ်နွယ်ကို ဖျက်လျှင် နှစ်ပင်နှစ်နွယ် ဖြစ်လာ၍ တစ်
ညွန့်ကို ဖျက်လျှင် နှစ်ညွန့်ဖြစ်လာ၏။ လူသူ မနေ
နိုင်လောက်အောင် ၊ အသီးအနှံ မစိုက်ပျိုးနိုင်လောက်
အောင် အနှောင့်အယှက် ဖြစ်နေ၏။ "
" ဤသို့လျှင် ဝက် ၊ ငှက် ၊ ကျား ၊ ရှူးပျံ ၊ ဘူး တည်း
ဟူသော ရန်သူအနှောင့်အယှက်တို့ ငါတို့ ပုဂံပြည်
ကို နှိပ်စက်နေသည်မှာ ယခု ၁၂ နှစ်တိုင်တိုင် ရှိ
လေပြီ။ ချစ်သား သတိနှင့်သွားပါ ၊ ငါတို့စိုးရိမ်၏ "
ဟု ဆိုကှ၏။
ပျူစောထီးကား မိမိ၏အစွမ်း လေးမြားကို အားကိုး
၍ ထိုရန်သူများ ရှိရာသို့ပင် သွားရောက်လေ၏။
ရှေးဦးစွာ ဝက်ကြီးကို တွေ့လေလျှင် ဝက်ကြီးသည်
မာန်ဖီ၍ အမွေးအမှင် ထောင်လျက် ပုတ်လောက်
ကြီးသော ကျောက်တုံး မြေတုံးတို့ကို တူးဖော်ကာ
သစ်ပင်ကြီးငယ်တို့ကို ထိုးကြိတ် ဖြိုလှဲပြီးလျှင် မင်း
သားကို ထိုးပက် ရန် ပြေးလာလေ၏။ မင်းသားက
လေးဖြင့် ပစ်လိုက်ရာ မြားထိ၍ ဝက်ကြီး သေလေ
သည်။
ဝက်ကြီးသေပြီးနောက် သုံးရက်ကြာသောအခါ
ပျူစောထီးသည် ငှက်ကြီးရှိရာသို့ လာခဲ့၏။ မင်းကြီး
ထံမှ ငှက်စာပို့ရသော ငှက်စာဆော် ငကော် သည်
မိန်းမပျို ခုနစ်ယောက်နှင့် ငှက်စာပို့ရန် လာသည်
ကို ပျူစောထီး တွေ့သောအခါ
" ငှက်စာမပို့နှင့် ၊ ငှက်ကြီးကို ငါ သတ်မည် "
ဟုပြောကာ ထိုမိန်းမပျို ခုနစ်
ယောက်ကိုလည်း သိမ်းယူလိုက်လေ၏။ ငှက်ကြီး
သည်လည်း လက်ပံပင်ကြီး သုံးပင်တွင် အလယ်ပင်
၌ နား၍ ဘေးနှစ်ပင်တွင် အတောင် တင်ထား၏။
မင်းသားကို မြင်သော် အစာလည်း မစားရသည်နှင့်
ပြင်းစွာအမျက်ထွက်၍ အစွမ်းသတ္တိ အမျိုးမျိုး ပြပြီး
သော် မင်းသားကို ပေါက်လိုက်၏။ မင်းသားလည်း
လေးကို ထောက်၍ နောက်သို့ ခုန်လိုက်သည်မှာ
အတောင် ၇၀ မျှ ရောက်လေ၏။ လူကိုမထိဘဲ မြေ
ကို ပေါက်မိ၍ နှုတ်သီးတွင် ပါလာသော မြေကြီးကို
ထွေးအန်ပစ်ရာ တောင်ငယ်မျှ ရှိနေသည်ကို ယခု
တိုင် ' ငှက်အန်တောင် ' ဟုခေါ်ကြသည်။ မင်းသား
ကား ကြောက်လန့်ခြင်း မရှိဘဲ ကြုံးဝါးပြီးလျှင် လေး
နှင့်ပစ်လိုက်ရာ ငှက်ကြီးကို ထိမှန်၍ ငှက်ကြီးစင်းစင်း
သေလေ၏။ငှက်တောင်တချောင်းကို နုတ်၍ မိန်းမပျို
ခုနစ်ယောက်အား ရွက်စေရာ အနိုင်နိုင်ပင် ရွက်ရ
လေသည်။ ပြီးမှ
" သင်တို့ မင်းကြီးအား သွား၍ ဆက်ချေ "
ဟု စလေိုကျ၏။
မိန်းမပျိုတို့လည်း လမ်းတွင် ငှက်တောင်လေး၍
မရွက်နိုင်သဖြင့် ပစ်ခဲ့လေ၏။ ထိုအရပ်ကို ' ငှက်
တောင်ပစ် ' ဟူ၍ လည်းကောင်း ၊ ငှက်ကြီးကို ပစ်
သတ်သောနေရာကို ' ငှက်ပစ်တောင် ' ဟူ၍ လည်း
ကောင်း ယခုတိုင် ခေါ်ကြလေသည်။
၁၃ နှစ်တိုင်တိုင် နှောင့်ယှက် နှိပ်စက်နေကြ
သော ရန်သူတို့ သေလေပြီ ဖြစ်ကြောင်း မိန်းမပျို
တို့ လျှောက်၍ မင်းကြီး ကြားရသော် အလွန်နှစ်
သက်ဝမ်းမြောက်၍ စစ်သည် ဗိုလ်ပါနှင့်တကွ ပျူ
စောထီးရှိရာသို့ လာရောက်လေ၏။ တွေ့ရမှ
" အဘယ် အမျိုးအနွယ် ဖြစ်သနည်း ၊ အဘယ်လက်
နက်ဖြင့် သတ်သနည်း "
ဟု မေးတော်မူသော် ဟုတ်တိုင်းကို
လျှောက်ပေ၏။
ထိုအကြောင်းကို ပုဂံပြည့်ရှင်မင်းကြီး ကြားသိရ
သော် အလွန်နှစ်သက် အားရတော် မူသဖြင့် သမီး
တော် စန္ဒာဒေဝီနှင့် ပျူစောထီးကို လက်ထက် ထိမ်း
မြားပေး၍ အိမ်ရှေ့မင်း ရာထူးဖြင့် ချီးမြှောက်တော်
မူသည်။
သို့သော် သမုဒ္ဒရာဇ်မင်း လွန်သောအခါ
တွင် ပျူစောထီးက ကျေးဇူးရှင် ဆရာရသေ့ရသေ့
ကြောင်မင်း ကို ပင့်ဖိတ်၍ ပုဂံတွင် မင်းပြုစေသည်။
ရသေ့ကြောင်မင်း မင်းစည်းစိမ် ၁၅-နှစ်တွင် နတ်ရွာ
စံတော်မူလေသည်။ ထို့နောက် သက္ကရာဇ် ၈၉-ခုနှစ်
တွင် ပျူစောထီး နန်းတက်၏။ ရွာ(၁၉)ရွာကိုပေါင်း၍ အရိမဒ္ဒနာသမုတ်၍ မြို့တည်လေသည်။
ပျူစောထီးသည်
ငှက်ကြီးခွင်းရာအရပ်၌ ဥမင်နှင့် ဘုရားတစ်ဆူ၊ လေး
ရရာအရပ်၌ ဘုရားတစ်ဆူ၊ မြှားရရာအရပ်၌ ဘုရား
တစ်ဆူ၊ ငှက်တောင်ပစ်ရရာ၌ ဘုရားတစ်ဆူ၊ သမီး
ငှက်ရရာ၌ ဘုရားတစ်ဆူ၊ ကျားကြီးခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ဝက်ကြီးခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊
ရှူးပျံခွင်းရာအရပ်၌ ဘုရားတစ်ဆူ၊ ဗျိုင်းဂူ၊ ဖွတ်ဂူ၊
ဘားဂူ၊ ပေါက်ပင်ဂူ၊ ဗူးဘုရားတစ်ဆူ၊ စသည့်ကောင်း
မှုများကိုလည်း ပြုတော်မူသည်။
တရုတ်မြို့ကို တည်တော်မူသည်။ တရုတ်မြို့၌
သီရိဓမ္မာသောကမင်း ကောင်းမှု မုဋ္ဌောစေတီကိုလည်း ထပ်မံ၍ ပြုပြင်တော်မူသည်။ ရွာသစ်ကြီးအရပ်၌ ဆံ
တော်ရှင်ဘုရားကိုလည်း တည်တော်မူသည်။ ၎င်းဆံ
တော်ရှင်ဘုရားကို ငတပါးမင်း စ၍ တည်သည်ဟူ၍
သူကောင်းတို့ ပြောကြသည်။ မုံရွေးအရှေ့၊ ဆင်ဖြူ
ရတောင်ထိပ် သီရိဓမ္မာသောကမင်း ကောင်းမှု မုဠောဘုရားကိုလည်း တည်တော်မူသည်။ နောင် မိုးညှင်း
မင်းတို့ ထပ်မံ၍ တည်တော်မူလေပြီး မုဋ္ဌော မတွင်၊
ရွှေမြင်တင်ဟု တွင်သည်။ မင်းစည်းစိမ် (၇၅)နှစ်တွင်
အနိစ္စရောက်တော်မူသည်။ ပျူစောထီးသည် အလွန်
ပင် ခွန်အားဗလ ကောင်းသဖြင့် အသက် ၁၁၀ တိုင်
အောင် ထီးနန်းစိုးစံခဲ့ရသည်။ ငှက်ကြီးကို ပစ်သတ်
သော နေရာအား ယခုထက်တိုင် "ငှက်ပစ်တောင်"
ဟု ခေါ်နေကြသည်။
ကိုးကား
မှန်နန်းမဟာရာဇဝင်တော်ကြီး
credit copy
၈။ #ပုပ္ပါးတောင်သမိုင်း
=============
အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရှတိုက်သားအချို့က ဖူဂျီတောင် (Mt. Fuji) နှင့်တူသည် ဟူ၍လည်း -ကောင်း တင်စား ပြောဆိုကြသည်။
ပုပ္ပားနှင့်ပတ်သက်၍ အဆိုနှစ်ခု ရှိသည်။ ပထမအဆိုမှာ ပုပ္ပားသူသည် ပုဗ္ဗ-အရှေ့အရပ်ဟူသော စကားမှ ဆင်းသက်လာပြီး ယင်းအရှေ့အရပ်မှာ ခရစ်နှစ် ၁၀၇-ခု၊ သမုဒ္ဒရာဇ်မင်းသည် ယုန်လွှတ်ကျွန်း၌ ရွာပေါင်း ၁၉-ရွာဖြင့် ပုဂံကိုတည်ထောင်သော ခေတ်ဦးပုဂံ ဖြစ်သည်။
သို့သော် ရာဇဝံသဇာလိနီကျမ်းအဆိုအရ
ယုန် လွှတ်ကျွန်းသည် ဧရာ၀တီမြစ်နံဘေး ခြောက်မိုင်ခန့်အကွာရှိ တုရင်းတောင်အရှေ့ဖက်တွင်ရှိ၏-ဟု ဆိုသောကြောင့် ပုဗ္ဗဟူသောအဆို မဖြစ်နိုင်ပါ။
ဒုတိယအဆိုမှာ ပုပ္ပားဟူသည် ပုပ္ဖဟူသောစကားမှ ဆင်း သက်လာပြီး ဓာတုပဋိသန္ဓာရကျမ်းနိဒါန်းတွင် ပုပ္ဖာ၀နပဗ္ဗတ-ပန်းတောတောင်-ဟုလည်း ဆိုထားသည် ။
ရှေးစာဟောင်းတို့တွင် ပုပ္ဖ ပသဝေတိ ဇနေတီတိ ပုပ္ပား-ဟု ဆိုသော၍ အဓိပ္ပာယ်မှာ ပန်းတို့ကို ဖြစ်စေ တတ်သောကြောင့် ပုပ္ပားဟူ၍ဖြစ်သည်။ ယနေ့ခေတ်တွင်လည်း ပုပ္ပားဒေသသည် အပူပိုင်းဒေသဖြစ်နေ ပါလျက် စိန်းလန်းစိုပြေကာ ရာသီအလိုက် ပန်းတို့ဖြင့် ဝေ၀ဆာဆာရှိနေသည်ကို တွေ့ရနိုင်သောကြောင့် ပုပ္ဖဟူသောစကားမှာ လက္ခံ့နိုင်ဖွယ်စကားဖြစ်တော့သည်။
ပုပ္ပားတောင်သည် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း
ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဖက် ၁၀-မိုင်ခန့်အကွာတွင် တည်ရှိပြီး ပဲခူးမြို့၏ မြောက်ဖက်ခြမ်းတွင် သီးခြားတည် ရှိနေသော တောင်တန်းကြီးဖြစ်သည်။
ရန်ကုန်နှင့်ပုပ္ပားမြို့သည် ၄၀၅-မိုင်ကွာဝေး၍ ကျောက်ပန်းတောင်းမြို့၊ မြင်းခြံမြို့၊ ပုဂံညောင်ဦးမြို့တို့မှ သွားရောက်နိုင်သော ပုပ္ပားတောင်မကြီး၏ အနောက်တောင်ခြေတွင်တည်ရှိသည့် ရှေးဟောင်းမြို့လေး တစ်မြို့ဖြစ်သည်။
ပထမပုဂံ၏ ခုနစ်ဆက်မြောက်မင်းဆက်ဖြစ်သည့် သေလည်ကြောင်မင်း (ခရစ် ၃၄၄)သည် သီရိပစ္စယာမြို့တော်သစ်ကို ထူထောင်ခဲ့သည်။
အစောဆုံးမှတ်တမ်းအရ ဒုတိယပုဂံခေတ် သေ လည်ကြောင်မင်း (ခရစ် ၃၄၄-၃၈၇)သည် ဧရာ၀တီမြစ်တစ်လျှောက် တကောင်းမှပုဂံသို့ မျောလာသော စကားပင်တုံးကြီးကို ဆယ်ယူကာ နတ်မောင်နှမရုပ်တု ထုလုပ်ခဲ့သည်။ ထို့နောက် ပုပ္ပားတောင်သို့ပို့ကာ နတ်ကွန်းဆောက်၍ ပူဇော်ခဲ့သည်။ ယင်းမှ ပုပ္ပားဖြစ်တည်ခဲ့သည်ဟုဆို၏။
ယင်းသေလည်ကြောင်မင်း လက်ထက်တွင် ပေါ်ပေါက်ခဲ့သော ပုပ္ပားနတ်တောင်လင်္ကာသည် အစောဆုံးမြန်မာကဗျာတစ်ပုဒ်ဖြစ် ခဲ့ပြီး ကျော်ကြားခဲ့သည်။
ပုပ္ပားနှင့်ပတ်သက်ကြသူများကို အများအပြား တွေ့ရသည်။ အနော်ရထာဘုရင် သည် အမိ၀မ်းကွဲတော်စပ်သူ နောင်တော်စုက္ကတေးမင်းကို ပုန်ကန်စဉ်က ပုပ္ပားတွင် ခြေကုပ်ယူကာ နေ ထိုင်ခဲ့ပြီး အောင်မြင်သောအခါ ရွှေအောင်ဇံစေတီကို တည်ထားခဲ့သည်။ ပထမပုံဂံမင်း၏ ၂၀-ဆက်မြောက် ပုပ္ပားစောရဟန်းမင်းသည် ပုပ္ပားနယ်သားဖြစ်သည်။ သူရဲကောင်းလေးဦးထဲမှ ငလုံးလက်ဖယ်သည် ပုပ္ပား နယ်သားဖြစ်သည်။
ပုပ္ပားသည် မည်သည့်အချိန်က ပေါ်ပေါက်ခဲ့သည်ဟု အတိအကျဆိုရန် ခက်ခဲသော်ငြား မြန်မာမှတ်တမ်းများတွင် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း၁၀၁-တွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်လတ္တံ့ဟု ဗျာဒိတ်တော်ရှိခဲ့သည်ဟု ဆိုသည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံချိန်သည် ဘီစီ၅၄၅-ဖြစ်၍ ယင်းအဆိုအရ ဘီစီ ၄၄၄-ဖြစ်ပါလိမ့်မည်။
မှတ်တမ်းတစ်စောင်တွင် ၄၄၂-ဟုဆိုသည်။
ဘူမိဘေဒပညာရှင်တို့ကမူ ပုပ္ပားတောင်သည် ရှေးကမီးတောင်တစ်ခုဖြစ်ခဲ့ပြီး အကြိမ်ကြိမ်ပေါက်ကွဲ ခဲ့ကာ နောက်ပိုင်းမှ မီးသေတောင်ဖြစ်ခဲ့သည်ဟုဆိုသည်။
သုတေသနပြုချက်အရ သက်နှောင်းကပ် (Cenozoic Era)၏ မိုင်အိုဆင်းယုဂ် (Miocene Period) နှောင်းပိုင်း လွန်ခဲ့သည့်နှစ်ပေါင်း ၁၅-သန်းခန့်က ပုပ္ပားမီးတောင် ပေါက်ကွဲဆဲဖြစ်ပြီး စတုတ္ထကပ် ပလိုင်စတိုဆင်းယုဂ် (Pleistocene Period) အလွန် နှစ် တစ်သန်းမှ ငါးသောင်းကာလအတွင်းထိ မီးသေတောင်မဖြစ်သေးပဲ ကျောက်ချောခေတ် (Neolithic Age) အစ လွန်ခဲ့သော နှစ်ခုနစ်ထောင်ခန့်ရောက်သောအခါမှ မီသေတောင်ဖြစ်သည်-ဟု ခန့်မှန်းရသည်ဆို၏။
ထိုအချိန်က ပုပ္ပားတဝုိက် ကျောက်ခေတ်လူသားတို့ နေထိုင်နေပြီ-ဟု အမေရိကန်ပညာရှင် Hellmut De Terra နှင့် Hellam movius တို့က ဆိုသည်။ အထောက်အထားများကိုလည်း တွေ့ရသည်။
ပုပ္ပားတောင်ကို အနောက်ဖက်မှကြည့်လျှင် တောင်ထွတ်နှစ်ခုကိုမြင်ရပြီး
မြောက်ဖက်မှကြည့်လျှင် ဂျပန်နိုင်ငံရှိ ဖူဂျီရာမ (Mt. Fuji) ကဲ့သို့ မီးတောင်တစ်ခုကိုသာ တွေ့ရပါမည်။ ပုပ္ပားဒေသ၏ အပူချိန်မှာ ၁၀၈ံ-ဖာရင်ဟိုက်ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၅၅ံ-ဖာရင်ဟိုက်ရှိကာ နှစ်စဉ်ပျမ်းမျှမိုးရေချိန်မှာ ၄၅-လက် မဖြစ်သည်။ မိုးရာသီတွင် မုတ်သုန်လေသည် အနောက်အရပ်မှတိုက်လေ့ရှိ၍ နွေရာသီတွင် အရှေ့မြောက် အရပ်မှ တိုက်လေ့ရှိသည်။
*****ရာဇ၀င်ထဲကပုပ္ပား*****
၁။ပုဂံခေတ်
မဟာဂီရိနတ်ဟူသော ဝေါဟာရသည် ပထမပုဂံ၏ ၇-ဆက်မြောက် သီရိပစ္စယာမြို့တည် သေလည်ကြောင် မင်းလက်ထက်ကတည်းက ပေါ်ပေါက်နေပြီဖြစ်သည်။
မြန်မာရာဇ၀င်ကျမ်းများ၏ အဆိုအရမူ ဒုတိယ ပုဂံခေတ် သေလည်ကြောင်မင်း (၃၄၄-၃၈၇) လက်ထက်တွင် ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် တကောင်းမှပုဂံသို့မျောလာသော စကားပင်တုံးကြီးကို ဆယ်ယ်ကာ နတ်မောင်နှမရုပ်ထုလုပ်ခဲ့သည်။ ထို့နောက် ပုပ္ပားသို့ပို့ကာ နတ်ကွန်းဆောင်ဆောက်လုပ်၍ ပူဇော်ခဲ့သည်ဟုဆို၏။ သေလည်ကြောင်မင်း လက်တွင် ပုပ္ပားနတ်တောင်လင်္ကာပေါ်ထွက်ခဲ့သည်။
ပုပ္ပားနတ်တောင်လင်္ကာ
ရွှေနှင့်ယိုးမှားပန်းစံကား
============
သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊စုံတောပြား၌
နံရှားကြိုင်လွင့်၊ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ပန်းစံကား။
သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ရဲမျိုးသမီး
မောင်ကြီးနှမ၊ညက်လှပြာစင်
မယ့်သည်ပင်သည်၊ခရီးသား
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊သက်ထက်ဆုံးသည်
နုလုံးမခြား၊စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊တုမရှိ။ ။
(ရှေးစာဆို)
ပုဂံပထမမင်းဆက် ၂၀-ဆက်မြောက် စောရဟန်းမင်း(၆၄၀)သည် ပုပ္ပားအရပ်သားဖြစ်သည်။ အနော်ရထာ မင်းသည် ဘုရင်မဖြစ်မီ နောင်တော်စုက္ကတေးမင်းကို တိုက်ခိုက်ရန် ပုပ္ပားအရပ်ကို ခြေကုပ်ယူစခန်းချခဲ့ သည်။
သူရဲကောင်းလေးဦးတွင် တစ်ဦးအ၀င်အပါဖြစ်သည့် ငလုံးလက်ဖယ်သည် ပုပ္ပားအရပ်သားဖြစ်သည်။ ကျန်စစ်သားမင်း (၁၀၈၄-၁၁၁၃)သည် မဟာဂီရိနတ်နှင့် အကြိမ်ကြိမ်စကားပြောဖူးသည်ဟု မြန်မာ ရာဇ၀င်ကျမ်းများတွင်ဆိုသည့်အပြင် မြေးတော်အလောင်းစည်သူ (၁၁၁၃-၁၁၆၀)၏ ဆရာများစာရင်းတွင် မဟာဂီရိနတ်အမည်ပါ၀င်နေသည်။
နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁)လက်ထက်ကျောက်စာတွင် မနုဟာမင်း၏သားတော် သုဓမ္မရာဇ်၊ သုဓမ္မရာဇ်၏သား အသ၀ဏ်ဓမ္မာသည် နရပတိစည်သူမင်း ၏ ရွှေလောင်းလှေတော်ကို ပုပ္ပားအရပ်၍ သွားရောက်အပ်ထားသည်။ ထို့နောက်ပြန်လည် အပ်နှံရာမှ အသ၀ဏ်ဓမ္မာ၏သားတော် နာဂသမန်းသည် ဘုရင့်သမီးတော်နှင့်လက်ဆက်ခွင့်ရခဲ့သည်ဟုဆိုသည်။
မြန် မာရာဇ၀င်ကျမ်းများ၏ ဥဇနာမင်း(၁၂၄၉-၁၂၅၆)လက်ထက် မှတ်တမ်းတွင် ဥဇနာမင်း၏မိဖုရားစောသည် ပုပ့ားအရပ်သူဖြစ်သည်။ ပုပ္ပားအကြောင်း၊ မဟာဂီရိအကြောင်းကို မြန်မာရာဇ၀င်တွင် များစွာဆို ထားသော်ငြား ပုဂံခေတ်ကျောက်စာတို့တွင် တစ်ခွန်းမျှ မဆိုထားခြင်းသည် လွန်စွာသတိပြုဖွယ်ဖြစ်တော့ သည်။
၂။ပင်းယ၊အင်းဝခေတ်
ပင်းယခေတ်တွင် နောင်တော်သီဟသူသည် စစ်ကိုင်းအသင်္ခယာစောယွမ်းမင်းကို လုပ်ကြံရန် ငခင်ညိုကို နန်းတွင်းသို့ တိတ်တဆိတ်လွှတ်လိုက်ရာ အခွင့်မသာသဖြင့် အချိန်ကြာခဲ့သည်။
တစ်စုံတစ်ရာမစားရသေး ရကား ဆာဆာရှိသည်ကြောင့် ဗလိနတ်စာကိုစားမိသဖြင့် တစ်လုပ်စားဖူး သူ့ကျေးဇူးကို သိတတ်သူဖြစ် သည့်အလျောက် မသတ်ပဲပြန်လှည့်လာခဲ့သည်။ ဤတစ်ချက်သာတွေ့ရသည်။ အင်းဝခေတ်တွင် တောင် ပုပ္ပား စံကားပွင့်ဟူသော အဲချင်းလင်္ကာတစ်ပုဒ်ပေါ်ခဲ့သည်။
***တောင်ပုပ္ပား စံကားပွင့်***
ပုပ္ပားတောင်သည်၊ ရွှေတောင်တည့်လေ၊ ရွှေတောင်ပတ်လုံး၊ စံကားပင်နှင့်
ပန်းပင်ဖုံး၊ တောင်လုံးရနံ့ ကြိုင်စွလေ။
ပုပ္ပားတောင်တွင်၊ နတ်ရှင်နှစ်ပါး၊ ရွှင်စံစား၊ ဘုံခြားဗိမ္ဗာန်၊ မြိုင်စွလေ။
လှိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွစံကား၊ တောင်ပုပ္ပား၊ စံကားပျံ့ကြိုင်မျှ၊
ပန်းလှိုင်စွလေး။
မောင်တော်ရေထက်၊ မယ်မုတ်ရေ၊ ဆယ်လေးသာစွလေ။
ဗိမ္ဗာန်နန်းမှာ၊ ထီးစင်္ကြာဖြန့်ကာ၊ အုပ်မိုးကာစွလေး။
အင်းဝခေတ် အရှင်မဟာရဋ္ဌသာရနှင့် အရှင်မဟာသီလဝံသ
တို့က နတ်ကိုးကွယ်မှုနှင့်ပတ်သက်၍ ဗုဒ္ဓ ဘာသာသာသနာတော်
ညှိုးနွမ်းမည်ကို
မလိုလားသောကြောင့် ပြစ်တင်ရှုတ်ချရေးသားခဲ့ကြသည်။
မဟာဂီရိ၏အဓိပ္ပာယ်မှာ တောင်ကြီးဟူသောအဓိပ္ပာယ်ဖြစ်သည်။
ရှေးက သဘာဝဘေးအန္တရာယ် ကို ကြောက်ရွံ့မှုကြောင့်
သစ်ပင်တောတောင်များကို ကိုးကွယ်ခြင်းအလေ့ရှိခဲ့သည်ကိုလည်း
သတိပြုရာပါသည်။
၃။တောင်ငူခေတ်
အင်းဝခေတ်တွင်
မည်မျှပင်ရေးသားခဲ့စေကာမူ တောင်ငူခေတ်မတိုင်မီထိ ပုပ္ပားနတ်ကို
ကျွဲနွားစသည် သတ်ဖြတ်ပသကြဟန်တူသည်။
ဘုရင့်နောင်မင်းတရားကြီး(၁၅၅၀-၁၅၈၁)သည် နတ်ကိုးကွယ်မှုကို
အမိန့်တော်ထုတ်ပြန်လျှက် တားမြစ်ခဲ့သည်ကို
တွင်းသင်းမဟာရာဇ၀င်သစ်(ဒုတိယတွဲ)တွင် တွေ့ရသည်။
၄။ညောင်ရမ်းခေတ်
ကသည်းစော်ဘွားတစ်ဦးသည် ၁၅-နှစ်မျှသာရှိသေးသော
ကသည်းမင်းသမီး နှင်းလုံခံကို စနေမင်း(၁၆၉၈-
၁၇၁၄)ထံ ဆက်သခဲ့သည်။ ဘုရင်မှ မင်းသမီးကို ပုပ္ပားမြို့စားအရာ
အပ်နှင်း၍ ကိုယ်လုပ်တော်အရာ
ထားခဲ့သည်။ ညောင်ရမ်းခေတ်နှောင်း အင်းဝနောက်ဆုံးမင်းဆက်
မဟာဓမ္မရာဇာဓိပတိမင်းကို မဏိ
ပူရစော်ဘွားဟုံသည် အသက် ၁၂-နှစ်သာရှိသေးသော
သမီးတော်ကသည်းမင်းသမီးကို ဆက်သခဲ့သည်။
ဘုရင်မှ ပုပ္ပားမြို့စားအရာအပ်နှင်းခဲ့သည်။ စိန္တကျော်သူဦးသြ၏
ကဝိလက္ခဏာသတ်ပုံကျမ်းတွင်
မိစ္ဆာအားလုံး၊ လွှမ်းပိတ်ဖုံး၊ တောင်ပြုံးညီနောင်မင်း-ဟု
စပ်ဆိုခဲ့သည်။
၅။ကုန်းဘောင်ခေတ်
အလောင်းတော်မင်းတရားကြီးသည်
ပုပ္ပားမဟာဂီရိနတ်ရုပ်များမှ နှမတော်နတ်ရုပ်၏ ဦးခေါင်းကိုငုံ၍ ရွှေ
ချိန်ငါးပိဿာကို ဆက်သခဲ့သည့်အပြင်
နတ်ထိန်းခုနစ်အိမ်ထောင်ကိုလည်း ခန့်အပ်တော်မူခဲ့သည်။
ဘိုးတော်ဘုရား(၁၇၈၂-၁၈၁၉)ကို ၁၇၈၄-ခုတွင်
ပုပ္ပားနယ်သားငဘုန်းသည် ပုန်ကန်ခဲ့သဖြင့် အုပ်ချုပ်ရေး
ပရိယာယ်ကြောင့်လောမသိ မဟာဂီရိနတ်မောင်နှမတို့ကို
ချီးမြှောက်ခြင်းအဆက်သွယ်ရှိခဲ့သည်။ ခရစ် ၁၇၈၅-တွင် ရွှေစင်
၅၅-ကျပ်သားဆက်သခဲ့သည်။ မင်းထုန်းမင်းသည်လည်း
ပဉ္စမသင်္ဂါယနာတင်မင်းတစ် ပါးဖြစ်သော်ငြား
ပုပ္ပားကိုစည်းရုံးရေးအသွင်ဖြင့် ပုပ္ပားဒေသခံ
ဦးမှုံကို မြို့အုပ်ရာထူးအပ်နှင်းခဲ့သည်။ သီပေါ မင်းလက်ထက်
နန်းသက်ခုနစ်နှစ်တွင် ပုပ္ပားနှင့်ပတ်သက်၍
ထူးခြားသည့်ဆက်နွယ်မှုမရှိခဲ့ပေ။
၆။ကိုလိုနီခေတ်
သီပေါမင်း ပါတော်မူပြီးနောက် ပုပ္ပားဒေသမှ
ဗိုလ်နက်ကျော်သည်လည်း တွန်းလှန်တိုက်ခိုက်သူများအဖြစ်
ပါ၀င်ခဲ့သည်။ ၁၉၂၀-တွင် ဂေါပကလူကြီး ဦးသာတင်ဆိုသူက
ပုပ္ပားတောင်ကလပ်ပေါ်သို့ တက်ရောက်နိုင် ရန် လူသွားလမ်းကို
ခုတ်ထွင်ရှင်းလင်းခဲ့သည်။
၁၉၂၁-တွင် ကျိုက်ထီးရိုးဆရာလေး ဦးပန်းအေးသည်
- တောင်ကလပ်ပေါ်တွင် စေတီတစ်ဆူတည်ထားခဲ့ပြီး ၁၉၂၄-တွင်
၁၈-ပေမြင့်သော တံခွန်တိုင်ကို - မောနေယျကိုယ်တော်၏
ဦးဆောင်မှုဖြင့် တောင်ကလပ်ပေါ်တွင် စိုက်ထူခဲ့သည်။ ၁၉၂၅-တွင်
ပထမဆုံး ဘာသာရေးပွဲတော်အဖြစ် အနေကဇာတင်ပွဲကို
ကျင်းပခဲ့သည်။ တောင်ကလပ်သို့တက်ရာတွင် သံလှေ ခါးဖြင့်
တက်နိုင်ရန် ဆရာတော်ဦးကောသလ္လဦးဆောင်ခဲ့သည်။
၇။ဂျပန်ခေတ်
မဟာမိတ်တပ်များ ပုပ္ပားရွာသို့ချီတက်သောအခါ မြေသားလမ်းအဖြစ်
ချဲ့ထွင်ဖောက်လုပ်ခဲ့သည်။
၈။လွတ်လပ်ရေးခေတ်
မြန်မာနိုင်ငံသည် ၄-၁-၁၉၄၈-တွင် ဗြိတိသျှအစိုးရလက်အောက်မှ
လွတ်မြောက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်
ထင်ရှားသည့်အဆောက်အဦအဖြစ်
ပုပ္ပားအနီး၀န်ကျင်ရှိ တောင်ကုန်းများတွင် အ၀င် အပါဖြစ်သော
သီလတောင်ပေါ်တွင် ဥာဏ်တော် ၂၇-ပေမြင့်သော
ဗျာဒိတ်ပေးရုပ်ပွားတော်တစ်ဆူကို ၁၉၅၉-တွင်
ဆရာတော်ဦးကုမာရနှင့် ဦးသာတင်တို့က ညှိနိုင်းကာ
တည်ထားခဲ့သည်။
*****အံ့ဖွယ်ပုပ္ပား*****
၁။သံသတ္ထုမထွက်ဟုဆိုသည်။
ပန်းပဲမောင်တင့်တယ်နှင့် နှမမင်းရာ(မင်းမြတ်လှ)သည် ပန်းပဲဖိုဖြင့် ဖိုကျင်ထိုးလုပ်ကြံစီရင်ခြင်း ခံခဲ့့ရသူများဖြစ်၍ ၄င်းတို့ကတားမြစ်ထားသောကြောင့် ယင်းအလုပ်ဖြင့် အသက်မွေးသူများ မကြီးပွားနိုင်ဟုဆိုသည်။ သို့သော် ပုပ္ပားဒေသသည် သံသတ္ထုထွက်ရာအရပ်မဟုတ် သဖြင့် မထွန်းကားခြင်း ဖြစ်နိုင်ပါသည်။
၂။မြေအိုးမြေခွက်လုပ်၍ မကြီးပွားနိုင်ဟုဆိုသည်။
သို့သော် ပုပ္ပားဒေသသည် ရှေးကမီးတောင်ဖြစ်ခဲ့၍ အိုးလုပ်ရန် သင့်တော်သော ရွှံ့စေးမြေမျိုးမတွေ့ရသောကြောင့်လည်း ဖြစ်နိုင်သည်။
၃။ပန်းပဲမောင်တင့်တယ်မောင်နှမတို့၏ ကြေကွဲဖွယ်
ဇာတ်လမ်းကြောင့် ဇာတ်၊ရုပ်သေး၊ပွဲ သဘင်ထောင်ခြင်းဖြင့် မထွန်းကားနိုင်ဟုဆိုသည်။ သို့သော် ပုပ္ပားတောင်သည် သူတော်စင်တို့နှစ် သက်သော ဆိတ်ငြိမ်ရာအရပ်ဖြစ်သည်ကိုလည်းကောင်း ပုပ္ပားတောင်နှင့် ၁၁-မိုင်ခန့်မျှသာဝေးသော - ကျောက်ပန်းတောင်းတွင် ဇာတ်ထောင်သူများ၊ သဘင်ဂီတအနုပညာရှင်များ များစွာပေါ်ထွန်းခဲ့သည် ကိုလည်းကောင်း သတိပြုသင့်ပါသည်။
၄။ဆေးဖက်၀င်အပင်တို့ ပေါများသည်။ သက်ရင်းကြီးခေါက်ကို အစဉ်သုံးသဖြင့် ဆရာတော်ဦးနန္ဒသည် သက်တော်၁၂၁-နှစ်ရှည်ခဲ့သည်ကိုလည်းကောင်း ဘကြီးတော်မင်းနန်းတက်စ ၁၁-၁၂-၁၈၁၉-တွင် ဘုရင့် ထံ ဆေးဖက်၀င်အပင်များ စာရင်းတစ်စောင် ဆက်သခဲ့ဖူးသည်ကိုလည်းကောင်း သာယာ၀တီမင်းလက် ထက် ၄-၁-၁၈၄၁-တွင် ယွန်းစု၀န်ကြီးမင်း မဟာမင်းကျော်စည်သူဦးစီး၍ အမတ်ကြီးမဟာဇေယျသင်္ကြန်က ပုပ္ပားအရပ်မှ ဆေးမျိုး ၇၄၈-မျိုး၊ ဆေးအမည် ၁၀၇၄-ပါး ပါ၀င်သော ဆေးဖက်၀င်အပင်များ ထပ်မံဆက် သွင်းခဲ့သည်ကိုလည်းကောင်း ၁၈-၂-၁၈၅၇-တွင် နတ်အုပ်ကဝိဒေဝကျော်သူ၏ မင်းတုန်းမင်းထံသို့ ဆက် သွင်းရသော စစ်တမ်းတွင် ပုပ္ပားတောင်မှ ဆေးဥ၊ဆေးမြစ်၊နတ်ရေစင်များကို လွှတ်တော်တွင်ဆက်သွင်း ရမြဲဖြစ်ကြောင်း ပါရှိသည်ကိုလည်းကောင်း ယင်းတို့ကိုထောက်သောအားဖြင့် လက္ခံရပါမည်။
၅။ပန်းမျိုးစုံပေါသည်။ ပုပ္ဇ-ဟူသောစကားမှ ပုပ္ပားသို့ဖြစ်လာခဲ့ခြင်းဖြစ်၍ ပန်းမျိုးစုံပေါခြင်းသည် မဆန်းပါ၊ ဗျတ္တပန်းဆက်သမားနှင့် ပန်းစားဘီလူးမ မယ်ကု၀ဏ်တို့ဇာတ်လမ်းပင် ပေါ်ထွက်ခဲ့သေးသည်။ ပုပ္ပားတောင် ၏ ပန်းများနှင့်ပတ်သက်၍ ဒွေးချိုး၊တေးထပ်ကဗျာများစွာလည်း
ပေါ်ထွက်ခဲ့သည်။
ဒွေးချိုး = ပန်းပန်လျှင်၊ နန်းဆန်တဲ့စကား၊ ပန်ချင်သူ ဤတောင်ထွတ်က၊ ပန်းဆွတ်လို့သွား။
တေးထပ် =
ဘယ်ဘယ်ဆီ မမှန်းတတ်ပြီဘု
ပန်းကလပ်တောင်စွယ်
သန်းဒဟပ်ချောင်ကျယ်တွင်
ယောင်လည်လည်နေလို့
ကြိုလှည့်ပေါ့ ဆိုတဲ့သံရယ်
ငိုမဲ့ဟန်လေးနှင့်ကရို့
လူးလွန့်တဲ့ ဖူးညွန့်ပျံမှာ
မြူးကွန့်ဟန်တစ်ချို့၊
ခူးဝံ့ရန် တစ်တို့နှင့်
အစို့စို့ခိုင်ဆိုင်၊
ပန်း၀တ်မှုံ ကုင်္ကုမံတွေက
ထုံရနံ့ သင်းလို့ကြိုင်ကြိုင်
နယ်ရှစ်ရပ် ရှစ်ထပ်လှိုင်သည်
ရှစ်ပတ်တိုင် လေဗွေဆန်းပြန်တော့
ရွှေငွေတန်း စမ်းကြဖြူဖြူ
ပန်းကကြူကြူ
မျှော်တဲ့လို့ ခေါ်လှည့်ဆူတယ်
ဖော်မဲ့သူ ကူအုံးတဲ့လေး…..။
၆။နတ်မြင်းရှိသည်ဟုဆိုသည်။
အထောက်ထားမတွေ့သော်ငြား မောင်တော်နတ်ကွန်း
အနောက်ဆောင်နားဆီမှ အရှည် ၁၁-ပေ၊ အမြင့် ၆-ပေရှိသည့် သဘာဝကျောက်နွားတစ်ကောင်နှင့် အရှည် ၁၇-ပေ၊ အမြင့် ၁၀-ပေရှိသည့် သဘာဝကျောက်နွားတို့ကို ဆိုလိုခြင်းဖြစ်နိုင်ရာသည်။
၇။သဘာ၀စိမ့်စမ်းရေ ပေါများသည်။
အစဉ်လာမှတ်သားချက်အရ ၉၉-ခုရှိ၍ ဘိုးတော်ဘုရား (၁၇၈၂- ၁၈၁၉) လက်ထက် ဆက်သသောရတုအရဆိုပါလျှင် အရှေ့အရပ်မျက်နှာတွင် ၈၇-ခု၊ အနောက်ဖက်တွင် ၄၆-ခု၊ တောင်ဖက်တွင် ၁၉-ခု၊ မြောက်ဖက်တွင် ၂၃-ခု၊ ပေါင်း=၁၇၅-ခု ရှိသည်။ လက်တွေ့ရှာဖွေသူတို့ အဆိုအရမူ ၁၃၂-ခုတွေ့ရပြီး ထပ်မံစစ်ဆေးသောအခါ ထို့ထက်ပင်နည်းသွားလေပြီဖြစ်သည်။
၈။နတ်ကျားရှိသည်ဟုဆိုသည်။
မင်းမဟာဂီရိကို မရိုမသေပြုသူတို့ကို ပြသလေ့ရှိပြီး မင်းမဟာဂီရိမောင် -နှမကို မရိုမသေပြုသူတို့၏ ကျွဲ၊နွားတို့ကို ဖမ်းယူစားသောက်တတ်သည်ဟုဆိုသည်။ မြင်ဖူးသူမရှိသော် လည်း ခြေရာကို တွေ့ရတတ်သည်ဆို၏။ တောတွင်းရှိ သာမန်ကျားခြေရာလည်း ဖြစ်နိုင်ပါသည်။
၉။မြွေဆိုးမရှိဟုဆိုသည်။
ရာသီဥတုနှင့် မီးတောင်မြေသဘာ၀အနေထားအရ အဆိပ်ပြင်းမြွေ မရှိခြင်းလည်း ဖြစ်နိုင်ပါသည်။
*****သုတေသီတို့ လေ့လာစရာ*****
၁။ပုပ္ပားတောင်ဥယျာဉ် (Popa Mountain Park) = ၁၉၈၃-တွင် တည်ထောင်ပြီး ၁၉၉၃-တွင် သဘာ၀အခြေခံ ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ၄၉.၆၃ စတုရန်းမိုင်ရှိပြီး ကိုလိုနီခေတ် ၁၉၀၂-တွင် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၅၄-၅၅-တွင် ထိန်းသိမ်းကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြန်သည်။
၂။ပုပ္ပားတောင် အပန်းဖြေဟိုတယ် (Popa Mountain Resort) = ၉-၂-၁၉၈၈-တွင်ဖွင့်လှစ်ခဲ့သည်။
၃။မီးတောင်ဟောင်း = ဘီစီ ၄၄၂-တွင် ပေါက်ကွဲခဲ့ပြီး ယခုအခါ မီးသေတောင်ဖြစ်နေပေပြီ။ ဤမီးတောင်ဟောင်း ပေါက်ကွဲရာမှ မီးတောင်၏အဆို့ (Volcanic Plug) သည် ပုပ္ပားတောင်ကလပ် ဖြစ်ခဲ့ သည်ဟူသော အဆိုတစ်ရပ်လည်းရှိသည်။
၄။ပညာပေးပြခန်း (Environmental education Centre
၅။ဆေးဖက်၀င်အပင်များစိုက်ခင်း = (Popa Medical Plants) = ဆေးဖက်၀င်အပင်မျိုးပေါင်း ၃၅၀- ခန့် ရှိသည်ဟု ဆိုသည်။
၆။စန္ဒကူးတော = သစ်ခွစသည့် ဆေးဖက်၀င်အပင်များ မျိုးလေးဆယ်ခန့်ကို လေ့လာနိုင်သည်။
၇။စိုက်ပျိုးရေးလုပ်ငန်း
၈။ငှက်ကြည့်ခြင်း = ပုပ္ပားတွင် ငှက်မျိုးပေါင်း ၁၃၀-ကျော်ကို တွေ့မြင်နိုင်သည်။ ထို ၁၃၀-တို့သည် မြန်မာ ငှက်တို့အပြင် နိုင်ငံခြားငှက်များလည်း အ၀င်အပါဖြစ်သည်။ ဒေသခံငှက်မျိုး ၇၀ခန့်ရှိပြီး နိုင်ငံခြားငှက်မျိုး ၃၀ကျော်ခန့် ရှိသည်။
၉။လိပ်ပြာကြည့်ခြင်း = ကမ္ဘာပေါ်တွင် လိပ်ပြာမျိုးရင်း (Family) ၁၀-မျိုးရှိပြီး အမျိုးအစားမှာ ၁၇၅၀၀-ရှိသည်။ မြန်မာနိုင်ငံတွင် မျိုးရင်း ၉-ခု၊ အမျိုးအစား ၁၀၀၄-ခုရှိသည်။ မြန်မာတွင် ကမ္ဘာ့ရှားပါးလိပ်ပြာ ၆-မျိုးရှိသည်။ ယင်းတို့မှာ
1.Apollo
2.Kaiser.
3.4.The Common Birdwing နှစ်မျိုး
5.6.The Golden Birdwing နှစ်မျိုး
တို့ဖြစ်သည်။
*****ပုပ္ပားတောင်ကလပ်*****
ပုပ္ပားတောင်ကလပ်ကို
၁။တောင်ကလပ်
၂။နဂါးရစ်တောင်
၃။ပန်းပေးတောင်
၄။ဘဇဂါမ်တောင်
၅။၀ဏ္ဏ ယက္ခတောင်
၆။ဝိဇ္ဇာဓရတောင်ဟူ၍ အမည်ခြောက်မျိုးဖြင့် ခေါ်ဝေါ်ကြသည်။
နံပါတ်လေးအမည်သည် ရှေး အကျဆုံးအမည်ဖြစ်သည်။ မြင်းခြံကျောက်ပန်းတောင်းသွား
မော်တော်ကားလမ်းဆုံနေရာမှ တောင်ကလပ်သို့ ၂-မိုင်ခရီးဖြင့် ရောက်နိုင်ပါသည်။ တောင်ကလပ်သည်
တောင်မကြီးနှင့် ဆက်စပ်မှုမရှိပဲ သီးခြားတည်ရှိ ကာ တောင်မကြီးနှင့် နှိုင်းစာလျှင် ထက်၀က်မျှသာရှိသည်။
အမြင့် ၂၄၁၇-ပေရှိပြီး စောင်းတန်း အတက် လမ်းတစ်လျှောက် မျောက်များအစာတောင်းကြသည်
ကိုလည်းကောင်း မျောက်စာရောင်းကြသူတို့ကိုလည်းကောင်း
တွေ့ရသည်။
ပုပ္ပားတောင်ကလပ်၏ အနောက်တောင်ဘက်ရှိ ထောက်ရှာရိုးအထက်နားတွင် ရှင်သာရဒရသေ့နေထိုင် ခဲ့ဖူးသည်ဟုလည်းကောင်း ၄င်းရသေ့သည် ဒေါက်ချာဟူသော အသုံးအဆောင်ကို စတင်သုံးစွဲခဲ့သည် ဟု လည်းကောင်း ဆိုကြသည်။
ဦးသီလသည်လည်း ပုပ္ပားတောင်သို့အမြဲ ကြွလာတတ်သည်ဆို၏။ ဘိုးမင်းခေါင်သည် ပုပ္ပားတောင်မကြီး၏ အရှေ့မြောက်ဖက် စင်မြင့်ရွာ၌ ဖွားမြင်ပြီး ပုပ္ပားတွင် သာသနာပြု လုပ်ငန်းများဆောင်ရွက်ရင်းပင် ကွယ်လွန်ခဲ့သည်။ ဦးခန္တီသည် ဘိုးမင်းခေါင်၏ တပည့်ဖြစ်ပြီး ဘိုးမင်းခေါင် ထံ မကြာခဏလာရောက်လေ့ရှိသည်ဆို၏။
==========================================
စာရေးဆရာတင်နိုင်တိုး၏ ပုပ္ပားဟူသောစာအုပ်မှထုတ်နှုတ်ရေးသားပါသည်။
#ဓမ္မအလင်းရောင်
#Credit to>>Orginal Uploader
၉။ #ရာဇဝင်ထဲက သမိုင်း
=====================
ဦးကုလား၏ မဟာရာဇဝင်ကြီး
အမှား သို့မဟုတ် ပုဂံခေတ်မတိုင်ခင်က ဗုဒ္ဓသာသနာရှင်းတမ်း
************************************************************************************
ကျွန်တော်တင်ဖူးခဲ့တဲ့ မြန်မာပြည် ဗုဒ္ဓဘာသာသမိုင်း အပိုင်း ၁ ၂ ၃ ၄ ၅ ကိုဖတ်ပြီး တချို့လူတွေ ဒွိဟစိတ်လေးတွေ ဝင်သွားတာကို သတိထားမိပါတယ်။
မြန်မာပြည် သာသနာသမိုင်းကို လူတော်တော်များများ သိထားတာက အနော်ရထာမင်း က သထုံကို ချီတတ်ပြီး မနူဟာမင်းဆီက ပိဋိကပ်စာပေတွေပင့်ဆောင်လာတယ်ဆိုပြီး သိထားကြတာပါ။
တကယ့်သမိုင်းအမှန်ကို အပိုင်း၄ကို ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
အပိုင်း၄ မှာတင်ပြခဲ့တာ ဦးကုလားရဲ့ မဟာရာဇဝင်ကြီး လုပ်ကြံစိတ်ကူးယဉ်ဇာတ်ကို အကျဉ်းချူံး တင်ပြထားတာဖြစ်ပါတယ်။
တကယ့်တော့ အားလုံးရဲ့အထင်မှား အမြင်အမှားတွေကို အားလုံးသိရအောင် ကျမ်းဂန်အထောက်အထား ကျောက်စာအထောက်အထားများနဲ့ ရေးသားတင်ပြလိုက်ပါတော့သည်။
တကယ်တော့ အနော်ရထာမင်းဟာ သထုံပြည်ကို စစ်မတိုက်ခဲ့သလို မနူဟာမင်းကိုလည်း ဖမ်းဆီူအကျဉ်းချထားတယ်ဆိုတာ မဟုတ်ခဲ့ပါဘူး။ သထုံကိုဂျွမ်းစစ်သားတွေ ဝင်တိုက်လို့ သထုံပြည်ကျတဲ့အချိန်မှာ မနူဟာမင်းက အနော်ရထာမင်းဆီမှာ လာရောက်ခိုလှုံခဲ့တာ။
နောက်ပြီး ဗုဒ္ဓရဲ့သားတော် အရှင်အရဟံလို ရဟန္တတစ်ပါးက ပိဋိကပ်၃ပုံကို ရဖို့ အနော်ရထာကို သထုံကိုစစ်တိုက်ခိုင်းတာ ဖြစ်နိုင်ပါ့မလား။ နောက်တစ်ချက်က အရှင်အရဟံက သထုံကို သွေးမြေကျအောင် အနော်ရထာကို ခိုင်းပါ့မလား။
ဂျွမ်းစစ်သားတွေကြောင့် သထုံပြည်ပျက်ခဲ့ရတယ်ဆိုတာ သမိုင်းအထောက်အထား အတိအကျရှိပါတယ်။ မနူဟာမင်းက ဂျွမ်းစစ်သားတွေရဲ့ ရန်ကိုရှောင်ရင်း ပုဂံမှာလာခိုလှုံပါတယ်။ အနော်ရထာမင်းကလည်း သူ့ရဲ့ စစ်သည်တွေနဲ့ သထုံက ဂျွမ်းစစ်သားတွေကို ပြန်တိုက်ခိုင်းခဲ့တာပါ။
မူလအမှား ဦးကုလား
••••••••••••••••••••••••
ပုဂံ၌ အနော်ရထာမင်းစော မတိုင်မီ နတ်နဂါးကိုးကွယ်မှု၊ အရည်းကြီး ကိုးကွယ်မှုများသာရှိခဲ့သည်။
အနော်ရထာမင်းသည် သထုံကို အောင်နိုင်ပြီးနောက် ပိဋကတ်သုံးပုံနှင့်တကွ ရှင်အရဟံကို ယူဆောင်ကာ ပုဂံ၌ ထေရဝါဒသနာ ထွန်းကားစေခဲ့သည်ဟု
ဦးကုလား ရေးသားသည့် မဟာရာဇဝင်ကြီး (အေဒီ၁၇၁၄၊ တနင်္ဂနွေမင်းလက်ထက်၊ ညောင်ရမ်းခေတ်) ၌ ဖော်ပြ ပါရှိခဲ့သည်။
၎င်း ကို ကိုးကားသော မှန်နန်းရာဇဝင်နှင့်၊ နောက်ရေး ပုဂံရာဇဝင်များ၌လည်း ထိုသို့သာ ရေးသားခဲ့ကြ အမှတ်မှားခဲ့ကြသည်။
သမိုင်းပညာ ဆိုတာ
•••••••••••••••••••••••
သမိုင်းပညာဆိုသည်မှာ ပြည်တွင်း ခေတ်ပြိုင်အထောက်ထားများ၊ ပြည်ပ ခေတ်ပြိုင်အထောက်အထားများ ရှုထောင့်စုံထောက်ခံမှု ရှိသော အချက်အလက် အခြင်းအရာ တို့ကိုသာ အမှန်သမိုင်းဟု လက်ခံမှုပြုပါသည်။
အထောက်အထား မရှိက သမိုင်းမရှိပါ (No evidence No history) ။ အထောက်အထား မပြနိုင်ပါက ရာဇဝင်စာ (ခေါ်) မှတ်တမ်း (Chronicle) ဟုသာ ခေါ်ဆိုပါသည်။
ထို ရာဇဝင်စာက ပြောသော အချက်အလက် အခြင်းအရာ တို့ကို အမှန်သမိုင်း ဟုလက်မခံပါ။
ဆန်းစစ်ခြင်း
••••••••••••••
ထို့ကြောင့် ဦးကုလားပြောသလို အနော်ရထာခေတ်ရောက်မှ ပုဂံသို့ ထေရဝါဒ ရောက်သည် ဆိုသော အယူအဆ အတွက် အထောက်အထား ရှာရန်လိုအပ်ပါသည်။
ထိုသို့ လိုအပ်သော ကျောက်စာ အထောက်အထားများကို ရှာဖွေ ကြည့်သောအခါ . . .
၁။ အရည်းဆိုသော စကားကို တွေ့ရပါသည်။ သို့သော် ထိုအရည်း ဆိုသည်မှာ အာရညဝါသီ တောမှီ ပုဂ္ဂိုလ်၊ တောကျောင်း ဘုန်းကြီး များသာဖြစ်ပါသည်။
ပါးစပ်ရာဇဝင်များ၌ တွင်ကျယ်နေလို (ပန်းဦးလွှတ်ခြင်း) အစ ရှိသဖြင့် ယုတ်ညံ့သော အလုပ်များလုပ်သည်ဟု အထောက်အထား မရှိပါ။
ဘုရားတည်၊ ကျောင်းဆောက်၊ ပရဟိတ အလုပ်များ လုပ်ခြင်း စသည့် ကောင်းမှုကုသိုလ်များအတွက် အလှူမှတ်တမ်း ကျောက်စာ အထောက်အထားများသာ တွေ့ရှိရပါသည်။
ထို့အပြင် ပုဂံရာဇဝင်ကြီး ပေမူ တွင်လည်း အရည်းများ သောင်းကျန်းသောကြောင့် နှိမ်နင်းရသည် ဟု မပါရှိပါ။ (အရည်းဆရာကို တောကျောင်းဆရာ၊ ပွဲကျောင်းဆရာ များဟု မှတ်ယူရပါသည်)
၂။ အင်းဝခေတ် ပဲခူး ကလျာဏီသိမ်ကျောက်စာသည် အနော်ရထာခေတ်ထက် နှစ် ၄၀၀ ကျော် နောက်ကျ၍ ပုဂံခေတ် ခေတ်ပြိုင် အထောက် အထေက်အထား မဟုတ်ပါ။
ထို ကလျာဏီသိမ်ကျောက်စာ၌ ပုဂံနှင့်သထုံ စစ်ပွဲ ဖြစ်ခဲ့ကြောင်း မပါပါ။ အနော်ရထာမင်းစောသည် သထုံသို့ ချီတက်တိုက်ခိုက်သည် ဆိုသော အထောက်အထား မရှိ။ ကျောက်စာ မှတ်တမ်းလည်း မရှိ။
ပုဂံရာဇဝင်ကြီး ၌လည်း ထိုသို့ မဆိုပါ။
ထို့ကြောင့် ရာဇဝင်ကြီး၌ပါသော ပုဂံနှင့် သထုံ စစ်ပွဲကြီး ဖြစ်ခဲ့ကြောင်း အထာက်အထား မရှိ။ ပုဂံနှင့် သထုံ စစ်ပွဲကြီး မဖြစ်ခဲ့ပါ။
ပဲခူး ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းတွင် ကြွမ်း (ဂျွမ်း) စစ်သည်များ (ခမာ) ဥဿာပဲခူး ကို ဝိုင်းထားစဉ် သထုံမင်း မနူဟာဘုရင်သည် ပဲခူးဘုရင်ထံ ခိုလှုံနေသည် ဟု ပါရှိပါသည်။ (အနော်ရထာမှ ကျန်စစ်သားနှင့် သူရဲကောင်းလေးယောက် ဦးဆောင်သာ စစ်တပ်ဖြင့် စစ်ကူပေးခဲ့သည်)
ထိုစဉ်အခါက အရှေ့တောင်အာရှဒေသ၌ အင်အားကြီးမားသော ဂျွမ်းစစ်တပ်ကြီး သည် ယိုးဒယား၊ မြန်မာနိုင်ငံတောင်ပိုင်း မှသည် ပဲခူးအထိ စစ်ထိုးလာခဲ့ပါသည်။
ပဲခူးမြို့အထိ လာဝိုင်းရံထားသော ထို ခမာစစ်တပ်၏ စစ်လမ်းကြောင်းကျရာ သထုံသည် ပဲခူး မကျမှီကတည်းက ကျခဲ့သည်မှာ အထင်အရှားပင် မဟုတ်ပါလော။
ထို့ကြောင့် ထိုစဉ်က သုဝဏ္ဏဘူမိသထုံသည် ပုဂံနှင့် စစ်ဖြစ်ခြင်း မဟုတ်ပဲ ဂျွမ်း ရန်ကြောင့် ပျက်စီးခဲ့ခြင်းသာ ဖြစ်ပါသည်။
သထုံဘုရင် မနူဟာသည်လည်း သထုံပျက်သောအခါ ပဲခူး၌ လာရောက်ခိုလှုံနေပါသည်။ ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင် အနော်ရထာထံ ရွှေ့ပြောင်း ခိုလှုံခဲ့ခြင်းသာ ဖြစ်ပါသည်။
အနောက်လွန်မင်းလက်ထက် လှေသင်းစုစစ်တမ်းတွင် မနူဟာမင်းသည် လှေတော်ကြီး လေးစင်းနှင့် သမီးတော်ဆက်သကာ ပုဂံသို့ခိုလှုံရောက်ရှိကြောင်း၊ ယင်းလှေတော် လေးစင်းနှင့် လှေတော်သားများကို အနော်ရထာမင်းကြီးက လှေသင်းစုတစ်စု အဖွဲ့ဖွဲ့ပေးရာမှ ဆင်းသက်လာသော လှေသင်းစုဖြစ်ကြောင်း အစစ်ခံသည့် စစ်တမ်းရှိပါသည်။
(ကြပ်ကြပ်စဉ်းစား ကြည့်ကြပါ။ ဂျွမ်းစစ်တပ်ကြီးဟာ သထုံကို ဖြတ်သန်းပြီးမှ ပဲခူးကို ရောက်တာပါ။ ပဲခူးအထိ ဂျွမ်းစစ်တပ်ကြီး ရောက်လာမှတော့ စစ်လမ်းကြောင်းကျတဲ့ သထုံ ကျရှုံးပြီးဆိုတာ သိပ်ထင်ရှားပါတယ်။ သထုံဘုရင်မနူဟာ ကလည်း ပုဂံမှာ လာခိုလှုံခြင်းသာ ဖြစ်ပါတယ်။ )
ထို့ကြောင့် ဗျတ်ဝိ၊ ဗျတ္တနှင့် သထုံကို အနော်ရထာစစ်တိုက်ခဲ့ခြင်း ဆိုသည်မှာ ပုံဝတ္ထုဇတ်လမ်းသာ ဖြစ်ပါသည်။ ထိုပုံပြင်ဇတ်လမ်းကို ဦးကုလားက မဟာရာဇဝင်ကြီးမှာ ဘာကြောင့်ထည့်ရေးတာလဲ။ ဘယ်ကဟာကို ဦးကုလားက ယူရေးတာလည်း ဆန်းစစ်ဖို့လို့ပါသည်။
ဦးကုလား၏ အတ္ထုပ္ပတ္တိကို ပြန်ကြည့်သော် အဖဘက်မှ သူဌေးမျိုး။
အမိဘက်မှ အဖွားသည် ယိုးဒယား ပိဿလောက်စော်ဘွားသမီး စောဘုန်းရှိ ဖြစ်ပါသည်။ သမိုင်းသုတေသီ တို့၏ ဆန်းစစ်ချက်၊ လေ့လာချက်များအရ ဦးကုလားသည် မဟာရာဇဝင်ကြီး၌ ယိုးဒယားဘက်မှ ဇတ်လမ်းများ ထည့်ရေးခြင်းမျှသာ ဖြစ်တန်သည်။
ဦးကုလားသည် ထိုခေတ် ပွဲကျောင်းများကို နှိပ်ကွပ်လို၍ အရည်းကြီးဇတ်လမ်းများယုတ်ညံ့စေရန် သူ့အဘွား ထံမှရသော ယိုးဒယားဘက်မှ ဇတ်လမ်းကို ထည့်ရေးခြင်းသာ ဖြစ်သည်။
ပုဂံစစ်ပွဲ ဆိုသည်မှာလည်း သူ့အဘွားဘက်မှ ရသော ယိုးဒယားဖြစ်ဇတ်လမ်းကို ထည့်ရေးခြင်း မျှသာ ဖြစ်တန်သည်။ ထို့ကြောင့် သထုံ ပုဂံ စစ်ပွဲမှ ဗျတ်ဝိ၊ ဗျတ္တ ဇတ်လမ်းများမှာလည်း ဦးကုလား၏ ရေးသားချက်သာ ဖြစ်ပါသည်။
ဦးကုလားသည် အနော်ရထာဘုရင်၏ သာသနာရေး ဆောင်ရွက်ချက်များကို အလွန်အမင်း ဂုဏ်မြှောက်လို၍ အသောကမင်းကြီး သာသနာ မြှောက်စားပုံ အချက်များကို ဆင်တူယူ ရေးသားခဲ့ဟန်ရှိသည်။
အနော်ရထာက သထုံကိုလည်း မတိုက်၊ သထုံမှ ရှင်အရဟံနှင့် ပိဋကတ်သုံးပုံ ကြောင့်လည်း မဟုတ် ဆိုလျှင် ပုဂံသည် ထေရဝါဒဗုဒ္ဓသာသနာကို ဘယ်က ရသနည်း။
ဟုတ်ကဲ့။ သရေခေတ္တရာ ခေါ် သီရိခေတ္တရာ မှ ရပါသည်။ ထို့ပြင် ပုဂံ၌ အနော်ရထာ မတိုင်မီ ထေရဝါဒဗုဒ္ဓ သာသနာ ရှိကြောင်း အထောက်အထားများ ကျောက်စာများ လည်း ရှိပါသည် ခင်ဗျား။
၁။ အနော်ရထာမင်း၏ ဖခမည်းတော်ကွမ်းဆော်ကြောင်ဖြူ (ကျောင်းဖြူ) မင်းကို ကျည်စိုးနှင့် စုက္ကတေး တို့မှ နန်းချပြီး အတင်းရဟန်းပြုစေကြောင်း ပုဂံရာဇဝင်ကြီး ၌လည်း ပါ ပါသည်။ ဦးကုလား ရာဇဝင်ကြီး ၌လည်း ပါပါသည်။
ရသေ့ ဝတ်စေခြင်း မဟုတ်။
ရဟန်းဝတ်စေခြင်း ဖြစ်ပါသည်။ (ဦးကုလား ကိုယ်တိုင် ရှေ့နောက်မညီ ရေးခြင်း။) ထိုမင်း (ကွမ်းဆော်မင်းကြီး) သည် ကျောင်းဖြူကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်းကြောင်း (ပုဂံနံရံမင်စာ အထောက်အထားလည်း ရှိသည်။။ ကျောင်းဖြူကြီး ဆောက်လုပ်လှူဒါန်းသော ကွမ်းဆော်မင်းကြီး မှ ကွမ်းဆော်ကျောင်းဖြူ၊ ကွမ်းဆော်ကြောင်ဖြူ ဖြစ်လာသည်)
အနော်ရထာ နန်းရသောအခါ ခမည်းတော်ရဟန်းမင်းကြီးကို “သံဃာမင်းထီး” ဘွဲ့ဆက်ကပ်ကြောင်း ဦးကုလားက ပြောထားပြန်ရာ ရှင်အရဟံမရောက်မီကတည်းက ပုဂံ၌ ထေရဝါဒ သံဃာရှိကြောင်း ပေါ်ပေါက်နေပြန်သည်။
၂။ စောရဟန်းမင်းသည် တုရင်တောင်ထက်မှာ သိမ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ၎င်း သိမ်ပျက်သဖြင့် ဥဇနာမင်း (အေဒီ ၁၂၁၂ ခုနှစ်) လက်ထက်တွင် ပြန်လည်ပြုပြင် ဆောက်လုပ်စေသော ကျောက်စာ အထောက်အထားရှိပါသည်။ အသောက တတိယ သင်္ဂါယနာတင်ပြီးနောက်ပိုင်း မဟာယာနမှာ သိမ်ဝင်ခြင်း မရှိ။ သံဃာမရှိ။ ရသေ့ကြီးများသာ ရှိပါသည်။
(ဟုတ်ကဲ့၊ သိမ်ဆိုတာ ထေရဝါဒ မှာပဲ ရှိတာပါ။ သိမ်သမုတ်တယ်ဆိုတာ ထေရဝါဒ ရဟန်းတွေပဲ လုပ်လို့ရတာပါ။ အနော်ရထာက (အေဒီ ၁၀၄၄) မှာ မင်း ဖြစ်တယ်။ ဒီတော့ စောရဟန်းမင်း လက်ထက်ကတည်းက သိမ်ရှိနေလို့ အနော်ရထာ မမွေးမီကတည်းက ပုဂံမှာ ထေရဝါဒ ရှိနေကြောင်း သိပ်ကို ထင်ရှားတဲ့ အထောက်အထား ပေါ့ဗျာ)
(ဒေါက်တာသန်းထွန်းက တုရင်တောင်ထက်မှ စောရဟန်း သိမ် ကျောက်စာ တစ်ခု တည်းနှင့် အနော်ရထာမတိုင် ပုဂံဒေသတွင် ထေရဝဒါ ဗုဒ္ဓဘာသာ မရှိ ဆိုသော အချက်ကို အပြတ်ငြင်းဆိုလိုက်သည်ဟု ပုဂံခေတ်သနာ အတိအလင်း ရေးသားထားခဲ့သည်။)
ပုဂံ ဘယ်က စသလဲ (သိရိခေတ္တရာ ခေတ်မှ ပုဂံခေတ်သို့)
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အေဒီ ၁ ရာစုအကုန် ၂ရာစု အစလောက်မှာ သရေခေတ္တရာ ပျက်တယ်။ (မင်းနေပြည်တော် ပျက်တာပါ) အေဒီ ၁၀၇ (အေဒီ ၂ ရာစု အစ)မှာ သရေခေတ္တရာမင်းရဲ့တူ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်း၊ ပြူဂါမ (ပျူစျေးမြို့) ဆိုတဲ့ အရပ်မှာ ပထမ ပုဂံမင်းနေပြည်တော် ကို စတည်ထောင်တယ်။ အရိမဒ္ဒနပူရ ဆိုတဲ့ အမည်နဲ့ပါ။
အေဒီ ၃၄၄ (သက္ကရာဇ် ၂၆၆) မှာ နန်းတက်တဲ့ သေဉ်လည်ကြောင်မင်းက လောကနန္ဒာအရပ်မှာ သီရိပစ္စယာ အမည်နဲ့ ဒုတိယ ပုဂံမြို့ကို တည်ထောင်တယ်။
အေဒီ ၅၁၆ (သက္ကရာဇ် ၄၃၈) မှာ နန်းတက်တဲ့ သိုက်တိုင်မင်းက သမထီး အရပ်မှာ တတိယ ပုဂံမြို့ ဖြစ်တဲ့ တမ္မဝတီ မြို့ကို တည်ထောင်ပါတယ်။
အေဒီ ၈၄၆ (သက္ကရာဇ် ၂၀၈) မှာ နန်းတက်တဲ့ ပျဉ်ပြားမင်းက နန်းတက်လို့ ၃နှစ်အကြာ အေဒီ ၈၄၉ မှာ ယခု ပုဂံကို တည်ခဲ့တယ်။ အမည်ကိုတော့ ပထဆုံးပုဂံရဲ့ အမည် ရန်အပေါင်းကို အောင်မြင်သော ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ အရိမဒ္ဒနပူရ လို့ပဲထပ်ပေးတယ်။
အရိမဒ္ဒန၊ သီရိပစ္စယာ၊ တမ္ပဝတီ၊ ဆိုတဲ့ ပုဂံမင်းနေပြည်တော် အမည်တွေကို ကြည့်ပါ။ မွန်နာမည်လည်း မဟုတ်ပါဘူး။ မဟာရာနလို့ ပြောရအောင် သက္ကတ အမည်လည်း မဟုတ်ပါဘူ။ ထေရဝါဒ မှာသာ သုံးတဲ့ ပါဠိ အမည်စစ်စစ်ကြီးတွေ ဖြစ်ပါတယ်။ ဒါဟာလည်း အနော်ရထာမတိုင်ခင် ကတည်းက ထေရဝါဒ ရှိနေတဲ့ အထောက်အထားပါ။
သရေခေတ္တရာ ပျက်ပြီး ပုဂံ ဖြစ်လာတယ်။ ပုဂံ ဟာ သရေခေတ္တရာဆီက ထေရဝါဒ ဗုဒ္ဓသာသနာကို ရခဲ့တယ် လို့ ပြောခဲ့ပါတယ်။ ဒီတော့ သရေခေတ္တရာမှာ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့ကြောင်း အထောက်အထား ပြရပါတော့မယ်။
၁၉၂၆ ခုနှစ်၊ မြန်မာနိုင်ငံ ရှေး/သု အရာရှိ ချားဒူးရွိုင်ဇယ် လက်ထက်မှာ သရေခေတ္တရာမြို့ဟောင်း ဦးခင်ဘ ယာခင်းအတွင်းရှိ စေတီငုတ်တိုကို တူးဖေါ်ရာ ရွှေပေချပ် အချပ်၂၀ ရရှိခဲ့သည်။
ထိုရွှေပေချပ်များ ပေါ်မှာ ဗုဒ္ဓခေတ်နှင့် အသောကခေတ်သုံး ဗြဟ္မီပွား အက္ခရာများဖြင့် ထေရဝါဒဆိုင်ရာ (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ) ကောက်နှုတ်ချက်များ ရေးထိုးထားပါသည်။
သရေခေတ္တရာတွင် အခြား ထေရဝါဒဆိုင်ရာ သာသနိက အဆောက်အဦး၊ စေတီပုထိုးများ၊ အုတ်ခွက်ဘုရားများ စသဖြင့် အထောက်အထားများစွာရှိပါသည်။
(ဘောဘော၊ ဘဲဘဲ၊ ဘုရားမာ၊ ပြည်ရွှေဆံတော်) သရေခေတ္တရာ မြို့ဟောင်း မြို့တံခါးဝ မှာပင် ထေရဝါဒဂိုဏ်း ကသာ သုံးပြီး၊ မဟာယာနက မသုံးသော ပါဠိဘာသာဖြင့် ရေးထိုးထားသော မောရသုတ်၊ မင်္ဂလသုတ် ကျောက်စာတိုင်၊ အခြား တစ်ဘက်၌ ရတနာ့သုတ် ကျောက်စာတိုင် များကို တွေ့ရှိချက်အရ သရေခေတ္တရာသည် ထေရဝါဒ ပျူမြန်မာနိုင်ငံတော်ဖြစ်သည်။
ထို သရေခေတ္တရာမှ ထေရဝါဒ ပျူမြန်မာတို့ တည်ထောင်သော ပုဂံသည် ထေရဝါဒ ပုဂံနိုင်ငံတော်သာဖြစ်ပါသည်။
သရေခေတ္တရာမင်း၏ တူတော်စပ်သော ပုဂံကို စတည်ထောင်သည့် သမုဒ္ဒရာဇ်မင်း မှ စရေတွက်သော် စောမွန်နစ် အထိ ပုဂံမင်းဆက် ၅၅ဆက် ဖြစ်သည်။ (သင်ပုန်းကြီးဋီကာ၊ ဇာတာတော်ပုံ၊ ) အနော်ရထာသည် ၄၂ယောက်မြောက် မင်းဖြစ်သည်။
ထို ၄၂ ယောက်မြောက် အနော်ရထာမတိုင်မီ ၃ယောက်မြောက် ပျူစောထီး မင်းလက်ထက် က တည်ထားခဲ့သည့် ဗူးဘုရား ဌာပနာ တိုက်အတွင်းမှ အေဒီ ၃ရာစု အုတ်ခွက်ဘုရားများ တွေ့ရှိခဲ့ပါသည်။
၎င်းကို ကြည့်ခြင်းအားဖြင့် ပုဂံသည် ထိုခေတ်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေပြီး ဖြစ်လေသည်။
ပုဂံနိုင်ငံတော်သည် အနော်ရထာမင်း (အေဒီ ၁၀၄၄) မတိုင်မီကတည်းက ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ကြာင်း အထက်ပါ အထောက်အထားများက သက်သေခံလျက် ရှိပေသည်။
ဦးကုလား မဟာရာဇဝင်ကြီးအမှားဟာ စာသင်ခန်းထဲက ကလေးတွေ အသိဥာဏ် အသတ်ခံခဲ့ရသလို မွန်နဲ့ ဗမာလည်း အမုန်းတရားတွေ ကြီးထွားခဲ့ရပါတယ်။ အရှင်အရဟံလည်း အနော်ရထာကို မြှောက်ပေးတဲ့ ဘုန်းကြီးဆိုပြီး မွန်တွေမုန်းတီးတာ ခံခဲ့ရပါတယ်။ ဒါတွေဟာ တကယ်တော့ သမိုင်းအသတ်ခံခဲ့ရတာပါ။
ကျမ်းကိုးကား
••••••••••••••
ဘုန်းတင့်ကျော်၊ နှစ်ပေါင်းနှစ်ထာင် ကျော်ခဲ့ပြီဖြစ်သော မြန်မာသမိုင်း (၁၊ ၂)
ဘုန်းတင့်ကျော်၊ ပျူစစ်လျှင်မြန်မာ
(ဗဟုသုတအဖြစ်သိစေလိုပါသည်)